အအေးဓါတ် လွန်ကဲသဖြင့် အကျဉ်းသားများအတွက် စိုးရိမ်နေ

အအေးဓါတ် လွန်ကဲသဖြင့် အကျဉ်းသားများအတွက် စိုးရိမ်နေ
by -
မြင့်မောင်
မြန်မာ့ နယ်စွန်နယ်ဖျား ဒေသများတွင် ဆောင်းတွင်း အအေးဓါတ် လွန်ကဲနေသဖြင့်  ထိုဒေသများရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် စိုးရိမ် ပူပန်နေကြောင်း နိုင်ငံရေး အကျဉ်းသား ...

နယူးဒေလီ (မဇ္စျိမ)။     ။မြန်မာ့ နယ်စွန်နယ်ဖျား ဒေသများတွင် ဆောင်းတွင်း အအေးဓါတ် လွန်ကဲနေသဖြင့်  ထိုဒေသများရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် စိုးရိမ် ပူပန်နေကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းနှင့် မိသားစုဝင်များ ပြောဆိုကြသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး ပါတီဝင်များနှင့် လူ့အခွင့်အရေးသမားများအတွက် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

“မြန်မာပြည် အထက်ပိုင်း ပူတာအိုထောင်မှာ ဆိုးဆိုးဝါးဝါး ခံစားနေရတယ်။ စိုးရိမ်တာက အကျဉ်းသားတွေ အားလုံးအတွက် စိုးရိမ်နေရတယ်။ သူတို့အတွက် လုံလောက်တဲ့ စောင်တွေ၊ လုံလောက်တဲ့ အနွေးထည်တွေ ရပါ့မလား။ မရဘူးဆိုရင် သူတို့ရဲ့ ကျန်းမာရေး အခြေအနေက တော်တော်ကြီး စိုးရိမ်စရာ ရှိတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP (B) မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁ဝ၉ ခုတွင် အကျဉ်းသားနှင့် အချူပ်သား ဦးရေ ၂ သိန်းခွဲခန့်ရှိပြီး ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ရန် အကျဉ်း ဦးစီးဌာနတွင် ဆရာဝန် ၃၄ ဦး၊ ကျန်းမာရေးမှူး ၁၉ ဦး၊ သူနာပြုဝန်ထမ်း ၂၂ ဦး ရှိကြောင်း အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဝင်းက ပြီးခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် အင်းစိန်ထောင်၌ ကျင်းပခဲ့သည့် အကျဉ်းသား ကျန်းမာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

လူရွှင်တော် ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက “မြစ်ကြီးနားမှာတော့ အသေအပျောက် များတယ်လို့ ကြားတယ်။ မြို့ခံတွေက ပြောတာပေါ့၊ ရာသီဥတုက ကြမ်းတယ်။ ဒီနှစ်ဆောင်းမှာ တော်တော်လေးတော့ အေးတယ်။ မနှစ်ကထက် အေးတယ်။ ကျန်းမာရေးအတွက်ကတော့ စိုးရိမ်မှု အမြဲတမ်း ရှိပါတယ်။ အေးတဲ့အတွက်၊ ကိုသူရ နှလုံးရောဂါအတွက် စိုးရိမ်နေရတယ်” ဟု ပြောသည်။

စစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဖော်ပြချက်အရ နိုင်ငံ့အနောက်ပိုင်း ချင်းပြည်နယ် ဟားခါးတွင် ရေခဲအမှတ်အောက် ၂ ဒီဂရီ စင်တီဂရိတ်အထိပင် ရောက်ရှိနေပြီး၊ အရှေ့ပိုင်း လားရှိုးမြို့တွင် ရေခဲအမှတ် “ဝ” ဒီဂရီ စင်တီဂရိတ်နှင့် မြောက်ပိုင်း ကချင်ပြည်နယ် ပူတာအို်တွင် ၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေကြောင်း သိရသည်။

ယခင်နှစ်များထက် အအေးဓာတ် လွန်ကဲနေသဖြင့် နိုင်ငံတဝှမ်း အကျဉ်းထောင် အသီးသီးတွင် ကျခံနေရသည့် မိသားစုဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦး၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေရကြောင်း ဒေါ်ခင်ခင်ဆွေက ပြောသည်။

မကြာသေးခင်က မြစ်ကြီးနားထောင်မှ ပြန်လွတ်လာခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးနေဝင်းက မြစ်ကြီးနားထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း ပြောသည်။

“မနှစ်ကထက် အေးတယ်။ မနှစ်က အအေးဒဏ် ပိုလာလို့ရှိရင် ကိုယ့်အချင်းချင်း မျှတပြီး ပေးဝေခဲ့ကြတယ်။ တယောက်မရှိရင် တယောက်က ပေးကြတာဖြစ်တယ်။ အဲဒီတော့ သိပ်ပြီးတော့ အခက်အခဲ မရှိဘူး။
သာမန် အကျဉ်းသားတွေ  ဖျားတာ၊ နာတာတို့ ဖြစ်ကြတယ်။ ကျနော်က ထောင်ထဲအခြေအနေကို မေးကြည့်တော့ အားလုံး ကောင်းကြတယ်။ အအေးပိုလာတာလွဲလို့ အားလုံး ကျန်းမာရေး ကောင်းကြတယ်” ဟု သူက ပြောသည်။

သက်ရွယ်ကြီးနှင့် ကျန်းမာရေး မကောင်းသူများကို အရေးပေါ် အစီအစဉ်ဖြင့် အပူပိုင်းဒေသရှိ ထောင်များသို့ ပြောင်းရွှေ့ပေးသင့်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှု မရှိပါက စစ်အစိုးရအနေဖြင့် အကျဉ်းသားများကို မျက်နှာလွဲ ခဲပစ်ပုံစံ ဖြစ်နေသည့်အပြင် အကျဉ်းသားများကို သေရွာသို့ ပို့ဆောင်နေခြင်းသာ ဖြစ်ကြောင်း AAPP (B) က ဆိုသည်။

“ကျနော်တို့ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုရော နအဖ စစ်အစိုးရကိုပါ အဓိက ပြောချင်တာက အကျဉ်းသားတွေ အကုန်လုံးအတွက် တကယ်လုံလောက်တဲ့ အနွေးထည်တွေ၊ တကယ်လုံလောက်တဲ့ ကျန်းမာရေးအရ လှုပ်ရှားခွင့်တွေပေးဖို့ လိုအပ်ပါတယ်။ မပေးဘူးဆိုရင် ဒီလူတွေရဲ့ ကျန်းမာရေး အခြေအနေတွေက အတော်လေး စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေတွေ ဖြစ်သွားနိုင်တယ်” ဟု ကိုဘိုကြည်က ပြောသည်။

ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် AAPP (B) ၏ သတင်း ထုတ်ပြန်ချက် တရပ်တွင် ၁၉၈၈ ခုနှစ် မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေး အကျဉ်းသူ/သားပေါင်း ၁၄၃ ဦးရှိပြီဟု သိရသည်။

Most read this week