အာဏာပိုင်များက တစညကို ပွဲထုတ်ပြီး သွေးတိုးစမ်း

အာဏာပိုင်များက တစညကို ပွဲထုတ်ပြီး သွေးတိုးစမ်း
နအဖ စစ်အာဏာပိုင်များက တစညပါတီကို ရခိုင်ပြည်နယ်တွင် စည်းရုံးလူပ်ရှားခွင့်ပြုပြီး လူထု အနေအထားကို သိရှိနိုင်အောင် သွေးတိုးစမ်းနေသည်ဟု စစ်တွေက အမည်မဖေါ်လိုသူ နိုင်ငံရေးသမား...

နအဖ စစ်အာဏာပိုင်များက တစညပါတီကို ရခိုင်ပြည်နယ်တွင် စည်းရုံးလူပ်ရှားခွင့်ပြုပြီး လူထု အနေအထားကို သိရှိနိုင်အောင် သွေးတိုးစမ်းနေသည်ဟု စစ်တွေက အမည်မဖေါ်လိုသူ နိုင်ငံရေးသမား တဦးက ပြောသည်။

“ တစည ပါတီကို အခု လောလောဆယ်မှာ ရခိုင်ပြည်နယ်မှာ ပွဲထုတ်ထားပါတယ်။ တစညက လွတ်လွတ်လပ်လပ် သွားလာ လူပ်ရှားလို့ ရနေတယ်။ စည်းရုံးခွင့်လည်း ရထားတယ်။ ဒါပေမယ့် စစ်အာဏာပိုင်တွေက တစညကို ထောက်ခံလို့၊ သူတို့ကို ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲမှာ နိုင်စေချင်လို့ အဲသလိုပုံစံမျိုးလို့ ကျနော်က မယူဆဘူး။ ရခိုင်လူထုတွေရဲ့ သဘောထားက တစည အပေါ်မှာရော ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲ အပေါ်မှာရော ဘယ်လိုရှိသလဲဆိုတာကို သိချင်တဲ့ အတွက် သွေးတိုးစမ်းတဲ့ သဘောနဲ့ ခုလို လွှတ်ပေးထားတာ ဖြစ်တယ်လို့ ယူဆပါတယ်။”

ရခိုင်ပြည်နယ်မှာ နိုင်ငံရေး အထူးတက်ကြွသော ပြည်နယ် တခုဖြစ်သဖြင့် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် နအဖ စစ်အစိုးရဘက်မှ အရှုံးမပေါ် စေရန်အတွက် ယခုအချိန်က စပြီး နိုင်ငံရေး ကျားကွက်ကို ရခိုင်တွင် စတင် ကစားနေသည်ဟု လေ့လာသူများက ပြောသည်။

သို့အတွက် စစ်အာဏာပိုင်များက တစည ပါတီကို ရခိုင်ပြည်နယ်တွင် စစ်တွေ အပါအဝင် မြို့တချို့တွင် ရုံးခန်းများ ဖွင့်လှစ်ခွင့် ပေးထားပြီး မြို့နယ် အတော်များများတွင် ၂၀၁၀ ခုနှစ်အတွက် စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ခွင့် ပြုထားခြင်း ဖြစ်သည်။

မောင်တောမြို့တွင်ဆိုလျှင် ရန်ကုန်မြို့မှ မူဆလင် စီးပွားရေးသမား (၂) ဦးဖြစ်ကြသည့် ဦးအောင်နိုင်နှင့် ဦးအောင်ဇော်ဝင်းတို့အား တစည ပါတီအား ထောက်ခံရန် အတွက် အနောက်ပိုင်းတိုင်း တိုင်းမှူးကိုယ်တိုင် မူဆလင်များကို စည်းရုံးရန် ခိုင်းထားသည်ဟု သိရသည်။

“ တစည ပါတီက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေ အကုန်လုံးမှာ စည်းရုံးရေး လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ရနေပါပြီ။ ပီးရင် ပါတီ ပေါ်လစီတွေကို ရေးသား ဖေါ်ပြထားတဲ့ တိုင်းရင်းသတင်းလွှာကို ထုတ်ဝေပီး လူထုတွေကြားမှာ ဖြန့်ဝေ နေတာကိုလည်း တွေ့ရပါတယ်။ စစ်အာဏာပိုင်တွေလည်း အားပေး အားမြှောက်ပြုနေတာကို တွေ့ရတယ်။ လူတွေကတော့ တစညကို ခုလို ပြန်ပေါ် လာတဲ့အတွက် တစညများ ပြန် အာဏာရလာ မလားလို့ ထင်နေတာ တွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း သူ့အနေဖြင့် တစညကို အာဏာရရှိအောင် စစ်အစိုးရက လုပ်ပေးမည် မဟုတ်ကြောင်းနှင့် တစည ပါတီကို အသက်ရှုခွင့် ရရန် အမတ်နေရာ တချို့ကို ရရှိအောင် စစ်အစိုးရက ဖန်တီးပေးနိုင်ကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် တခြား လူပ်ရှားနေသော ရခိုင်အမျိုးသား အင်အားစုနှင့် ခမီ အမျိုးသား အင်အားစုများ ရှိသော်လည်း သူတို့ကိုမူ စည်းရုံး လူပ်ရှားခွင့် မပေးဘဲ ကန့်သတ်မူများ ပြုလုပ်ထားသည်ဟု သိရသည်။

စစ်တွေမြို့ ကုန်တန်း ရပ်ကွက်မှ သာမန် အရပ်သား တဦးကို မေးကြည့်ရာ သူက “ အုန်းတပင်၊ နာဇီ၊ ဆင်ကူးလမ်း၊ ရွှေပြား စတဲ့ ရပ်ကွက်တွေမှာ တစညက စည်းရုံးရေး ဆင်းနေတာ မှန်ပါတယ်။ ရပ်ကွက် ရယကနဲ့ ပြည်ခိုင်ဖြိုးတွေလည်း ကူညီနေတာကို တွေ့ရပါတယ်။ ပိုက်ဆံ ပေးတာတွေလည်း ရှိတယ်။ ဒါပေမယ့် တစညမှာ ပါတဲ့ လူကြီးတွေက မဆလ တဖြစ်လဲဆိုတော့ လူတွေက သိပ်မထောက်ခံတဲ့ အတွက် သူတို့ စည်းရုံးရေးက သိပ်အောင်မြင်တာကို မတွေ့ရပါဘူး” ဟု ပြောသည်။

နအဖ စစ်အစိုးရမှ ၂၀၁၀ ခုနှစ်တွင် ရွှေးကောက်ပွဲ ပြုလုပ်ရန် ကျေညာထားသော်လည်း ရွှေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် ရွှေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်း မရှိသေးသဖြင့် ရခိုင် လူထုအကြားတွင် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုမူများ ထွက်ပေါ်လျှက်ရှိသည်။

Most read this week