ကိုယ်ကျိုးစွန့် အနစ်နာခံသူ သျှမ်းလူငယ်တဦးအား သုစန္ဒီ ခေါင်းဆောင်ဆု ချီးမြှင့်

ကိုယ်ကျိုးစွန့် အနစ်နာခံသူ သျှမ်းလူငယ်တဦးအား သုစန္ဒီ ခေါင်းဆောင်ဆု ချီးမြှင့်
ယခင် သီပေါစော်ဘွား မဟာဒေဝီ ကမကထပြုသော အမေရိက အခြေစိုက် Burma Lifeline က လူမှု အဖွဲ့စည်းအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ Burma Lifeline  အဖွဲ့ဝင် သျှမ်းလူငယ် စိုင်းဆဲန်ဖန်းအား ယခုနှစ် Sao Thusandi Leadership Award  သုစန္ဒီ ခေါင်းဆောင်ဆု...

ယခင် သီပေါစော်ဘွား မဟာဒေဝီ ကမကထပြုသော အမေရိက အခြေစိုက် Burma Lifeline က လူမှုအဖွဲ့စည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူ Burma Lifeline  အဖွဲ့ဝင် သျှမ်းလူငယ် စိုင်းဆဲန်ဖန်းအား ယခုနှစ် Sao Thusandi Leadership Award  သုစန္ဒီ ခေါင်းဆောင်ဆု ဆုရှင်အဖြစ် ရွေးချယ် ဖိတ်ကြားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ချင်းမိုင်မြို့၌ ဂုဏ်ပြုအပ် နှင်းပွဲ ကျင်းပခဲ့သည်။

“ဆုပေးရတဲ့ရည်ရွယ်ချက်က အနာဂတ်လူငယ်တွေ ကိုယ်ကျိုးစွန့်တတ်ဖို့၊ စံပြအများအကျိုးဆောင်ရွက်သူတွေကို အတုယူ တတ်ဖို့ဖြစ်တယ်။ အဲဒီလိုလူငယ်တွေ များများတိုးပွားလာရင် သျှမ်းပြည်ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအတွက်အထောက် အကူဖြစ်မယ်” - ဟု သုစန္ဒီဆု အပ်နှင်းရေး ကော်မတီဝင်တဦးဖြစ်သူက ပြောပါသည်။

၁၉၉၆-၉၇-၉၈ သျှမ်းပြည်တောင်ပိုင်း ကျေးရွာပေါင်း ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီး/အဓမ္မမောင်းထုတ်ခံရပြီး၊ ရွာသား ၆၆၀ ကျော် အသတ်ခံရကာ လူပေါင်း ၃ သိန်း အိုးမဲ့အိမ်မဲ့ ဘဝဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့စဉ်စိုင်းဆဲန်ဖန်းက Dispossessed အစီရင်ခံစာထုတ်ဝေရေး၌ အချက်အလက် ရှာဖွေစုဆောင်းပေးခဲ့သည်။ ထို့အပြင်ဆန်စပါးဒုတိယအများ ဆုံးထွက်သည့် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြ့နယ် စပါးထွက်နှုန်း အနိမ့်ဆုံးကျဆင်းမှုအပေါ် Deserted Fields  ဆိုသည့် အစီရင်ခံစာ ရေးသား ထုတ်ဝေနိုင်ရန် အချက်အလက်စုဆောင်းခဲ့သောကြောင့် သုစန္ဒီဆုနှင့်အထူး ထိုက်တန်သည်ဟု ဆိုပါသည်။

“သျှမ်းပြည်မှာနေတုန်းက ဗမာစစ်တပ် အမျိုးမျိုးနှိပ်စက်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သူထိုင်းထဲဝင်လာတယ်။ ရွှေ့ပြောင်း အလုပ်သမားဘဝနဲ့နေထိုင်ခဲ့ပေမယ့် ဘဝကိုအရှုံးမပေးဘူး။ တိုးတက်လမ်းရှာတယ်။ စစ်သလင်းထဲ အကြိမ်ကြိမ် သွားရောက်ပြီး မတရားမှုတွေကို သူဖေါ်ထုတ်ခဲ့တယ်။ စိုင်းဆဲန်ဖန်းဟာ ရဲရင့်ပြတ်သားတယ်။ အမှန်တရားပြောဖို့ ၀န်မလေးဘူး၊ မဟုတ်မမှန်ရင် သူ့ကိုထောက်ပံ့တဲ့ ဒိုနာတွေကိုတောင် သူထောက်ပြရဲတယ်။ အဲဒါ့ကြောင့် သူ့ကို ရွေးချယ်ရခြင်းဖြစ် တယ်”- ဟု BRC အကြီးအကဲ ဆရာမ ဖိဖါ့ ကလဲ ဂုဏ်ယူပြောဆို၏။

“ကျနော်တယောက်ထဲ ချီးမြှင့်တယ်လို့ မခံစားမိဘူး၊ SRDC (Shan Relief and Development Committee) နဲ့ လုပ်ဖေါ်ကိုင် ဖက်အားလုံးကို ချီးမြှင့်တယ်လို့ ယူဆပါတယ်” - ဟု စိုင်းဆဲန်ဖန်း က အခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြား၏။

စိုင်းဆဲန်ဖန်းသည် သျှမ်းပြည်အမျိုးသားလူငယ်များကျောင်း SSSNY ကျောင်း ဒုတိယအပတ်စဉ် ကျောင်းသားဖြစ်ခဲ့၏။ နောက်ပိုင်း FAT (Foreign Affair Training) ကျောင်းနှင့် ထိုင်းစာသင်တန်းကျောင်းများတက်ပြီး ဘဝတိုးတက်လမ်းရှာကာ တဘက်တွင်လည်း SRDC (Shan Relief and Development Committee) မှ ပေးအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်း တာဝန် များ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

အမေရိကန် ဒေါ်လာ ၃၀၀၀ ပေးအပ်သည့်  ၂၀၀၈ သုစန္ဒီခေါင်းဆောင်ဆုကို သျှမ်းရွှေ့ပြောင်း အလုပ်သမားအရေးလုပ်ရှား သူ Migrant Justice Program of the Human Rights Development Foundation (HRDF) မှ သျှမ်းလူငယ် စိုင်းဖူးမိန်းက ပထမ အကြိမ်လက်ခံ ရရှိသည်။

သုစန္ဒီခေါင်းဆောင်ဆု Thusandi Leadership Award  ကို သီပေါစော်ဘွားကြီး၏ မဟာဒေဝီ သြစတေးလျလူမျိုး အင်ဂါ ဆာဂျဲင့် ခေါ် စဝ်သုစန္ဒီက စီစဉ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ စဝ်သုစန္ဒီသည် ၁၉၆၂ စစ်အစိုးရ အာဏာသိမ်းပြီး သီပေါ စော်ဘွားကြီး စဝ်ကြာဆိုင် ဖမ်းဆီးအစဖျောက်ခံရပြီးနောက်ပိုင်း ဇာတိမြေပြန်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Twilight over Burma  ‘မုံရီမှိုင်း တိုင်းမြန်မာ’ စာအုပ်ရေးသားပြီး နောက်တနှစ်အကြာ Burma Lifeline ခေါ် ဗမာပြည် ဒုက္ခသည်များ ကူညီရေးဆိုင်ရာ NGO အဖွဲ့ ဖွဲ့စည်းထူထောင်ခဲ့သည်။