ယခုလအတွင်း မလေးရှားနိုင်ငံ၌ တရားမဝင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအား မလေးရှားနိုင်ငံ အဖွဲ့ပေါင်းစုံ [အော်ပရာစီ] တို့က လိုက်လံဖမ်းဆီးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။
မလေးရှားနိုင်ငံ ပီနန်နယ်တွင် အလုပ်လုပ်နေသော မွန်ရွှေ့ပြောင်းအလုပ်သမား တစ်ဦးက “ကျနော် မလေးရှားနိုင်ငံ ရောက်လာတာ နှစ်လလောက်ပဲ ရှိသေးတယ်၊ အခု ကျနော်တို့ နေရာမှာ တော်တော်လေးကို ဖမ်းနေတယ်။ အစကတော့ သိပ်မဖမ်းဘူး တပတ်မှ တခါလောက်ပဲ ဖမ်းတာ ကြားတယ်။ ဒီလမှာတော့ နေ့တိုင်းလိုလို ဖမ်းနေတယ်၊ အပြင်တောင် မထွက်ရဲဘူး၊ ပုန်းပြီး နေရတယ်။ အော်ပရာစီ လို့ခေါ်တဲ့ အဖွဲ့ပေါင်းစုံပေါ့ဗျာ၊ ဒါ့ကြောင့် ကျနော်တို့ အလုပ်မသွားရဲတဲ့ အခြေအနေထိ ဖြစ်နေတယ် ဟု ပြောသည်။
မလေးရှားနိုင်ငံ၏ စီးပွားရေးအခြေအနေ ကျဆင်းမှုကြောင့် နိုင်ငံခြားသားများကို လျှော့့ချလိုမှုဖြင့် ယခုကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။
“ဒီလိုမျိုးဖမ်းတာ ကြာနေပြီ၊ အကယ်၍ ဖမ်းခံရတဲ့သူတွေက UNHCR မှ အသိအမှတ် ပြုထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ရင် အဲဒီအဖွဲ့က ထောင်ထဲကနေ ပြန်ထုတ်ပေးတယ်၊ အသိအမှတ်ပြု မခံထားရတဲ့ သူတွေအတွက်တော့ ဗမာပြည်ကို ပြန်ပို့တယ်” ဟု သူက ပြောသည်။
ထိုနည်းတူ ကွာလာလမ်ပူတွင်လည်း တရားမဝင် (ဗီဇာမဲ့) အလုပ်လုပ်နေသည့် မွန်ရွှေ့ပြောင်း အလုပ်သမားများလည်း ညနေပိုင်းအချိန်တွင် အပြင်မထွက်ရဲသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း UNHCR ကဒ် ရထားသော မွန်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။
“အခုမလေးရှားမှာ တရားမဝင် အလုပ်သမားတွေကို အရင်ကထက် ဖမ်းနေတယ်၊ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ သေသေချာချာ မသိသေးဘူး။ စနေ၊ တနင်္ဂနွေဆို ပိုဆိုးတာပေါ့ဗျာ။ လမ်းလေးခွရှိတဲ့နေရာမှာ ကားရပ်ထားပြီး ဖြတ်သန်းသွားလာနေတဲ့သူကို မေးမြန်းပြီး ဖမ်းတာ၊ ပတ်စပို့ရှိရင် လွှတ်ပေးတယ်၊ ပတ်စပို့ မရှိတဲ့သူတွေကိုတော့ ကားပေါ်တက်ခိုင်းပြီး ခေါ်သွားတယ်” ဟု အထက်ပါ UNHCR ကဒ် ကိုင်ဆောင်ထားသူက ပြောသည်။
မလေးရှားနိုင်ငံရောက် တရားဝင်နှင့် တရားမဝင် မြန်မာရွေ့ပြောင်းအလုပ်သမား ဦးရေပေါင်း ၁ သန်း ကျော်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ပြောပြချက်အရ သိရပါသည်။
မြန်မာပြည်မှလာသော တိုင်းရင်းသား ရွှေ့ပြောင်းသလုပ်သမားများသည် များသောအားဖြင့် စားသောက်ဆိုင်၊ တံဆိပ်ရိုက်လုပ်ငန်း၊ အိမ်ဆောက်လုပ်ငန်းစသည့် နေရာများ၌ အများဆုံးအလုပ်လုပ်နေကြသည်။