မြန်မာ့ဘိန်းထုတ်လုပ်မှု ကြောက်စရာ ကောင်းလောက်အောင် တိုးပွါးလာဟု ကုလပြော

မြန်မာ့ဘိန်းထုတ်လုပ်မှု ကြောက်စရာ ကောင်းလောက်အောင် တိုးပွါးလာဟု ကုလပြော
by -
လာရီဂျေဂင်
မြန်မာ့ ဘိန်းထုတ်လုပ်မှုသည် ၂၀၀၆ ကတဲကစ၍ ၅၀%နီးပါး မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံး (UNODC)  အစီရင်ခံစာကဆို ...

ဘန်ကောက် (မဇ္ဈိမ)။     ။ မြန်မာ့ ဘိန်းထုတ်လုပ်မှုသည် ၂၀၀၆ ကတဲကစ၍ ၅၀%နီးပါး မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံး (UNODC)  အစီရင်ခံစာကဆိုသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၃ နှစ်ဆက်တိုက် တိုးပွါးလာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်တိုက်ဖျက်ရေး အေဂျင်စီက ပြောသည်။

`ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းမဲထုတ်လုပ်မှုကို ထိန်းချုပ်ဟန့်တားရန် ယခင်ကြိုးပမ်းခဲ့မှုများသည် ယခုအခါ ပျက်စီးရတော့မည့် အလားအလာကများနေသည်´  ဟု UNODC ရုံး ဒေသဆိုင်ရာ အကြီးအကဲ ဂယ်ရီလူးဝစ္စ (Garry Lewis)က နောက်ဆုံးထုတ်ပြန်လိုက်သော အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးမှု လေ့လာချက်နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် သတင်းထောက်များကို တနင်္လာနေ့က ပြောကြားလိုက်သည်။

`မြောက်ပိုင်းမှာ နိုင်ငံရေးအရ လုံခြံုမှုမရှိတာနဲ့ စီးပွါးရေး ဖိအားတွေရယ်ကြောင့် အခြေအနေကပိုပြီး သိသိသာသာ ဆိုးလာဖို့သာရှိတယ်´ ဟု သူက ဆက်ပြောသည်။

သို့သော် ၁၉၀၀ စုနှစ်များကနှင့် နှိုင်းစာလျှင်မူ မြန်မာနိုင်ငံသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ၏ အစိတ်အပိုင်းတရပ်အဖြစ် ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ်ကမူ အပုံကြီးကွာလှမ်းခဲ့ပြီ ဖြစ်သည်။

လေ့လာချက်အရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးသောမြေမှာ ဟက်တာပေါင်း ၃၁၀၀၀ ရှိပြီး ယင်းသည် ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ၁၁% တိုးတက်လာခြင်း ဖြစ်သည်။ ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ဘိန်းထုတ်လုပ်မှုသည် မြင့်တက်လာသည်ဟု အစီရင်ခံစာက ဆိုသည်။

`ဘိန်းထုတ်လုပ်မှုက မြင့်တက်လာသည်။ သို့သော်အထွက်နှုန်းမှာမူ ရာသီဥတု မကောင်းသောကြောင့် ကျဆင်းခဲ့သည်´ ဟု လာအိုအခြေစိုက် UNODC ရုံး အခြားနည်းဖွံ့ဖြိုးမှုထိပ်တန်းကျွမ်း ကျင်သူ Leik Boonwaat က မဇ္ဈိမ ကိုပြောသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကျေးရွာသား ၂ သိန်းခန့် ဘိန်းစိုက်ပျိုးနေကြပြီး ယင်းပမာဏသည်  အဓိက ဘိန်းစိုက်ပျိုးသူဖြစ်ခဲ့သည့် ဝ' က သူတို့နယ်မြေကို ဘိန်းကင်းစင်သည့် ဒေသအဖြစ်ကြေငြာခဲ့သည့် ၂၀၀၆ ခုနှစ်ကနှင့် နှိုင်းစာလျှင် နှစ်ဆနီးပါးတက်လာခြင်း ဖြစ်သည်။

သူတို့၏ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် အဆိုပါကျေးရွာသားများမှာ တနှစ်လျှင် အမေရိကန်ဒေါ် လာ ၁၆၀ မျှသာ ဝင်ငွေရရှိခဲ့ကြသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဘိ်န်စျေးနှုန်းမှာ တကီလိုလျှင် ၁၆ ဒေါ်လာစျေး ပိုရလာပြီး တကီလိုလျှင် ၃၁၇ ဒေါ်လာအထိ စျေးရှိနေသည်။ ထို့ကြောင့် ယခင် ဘိန်းစိုက်တောင်သူများကို ဘိန်းပြန်စိုက်ရန် စီးပွါးရေးအရ မက်လုံးပေးသလို ဖြစ်နေသည်။

`ဒီလို ဘိန်းပြန်စိုက်တဲ့ လယ်သမားတွေက ဝေးလံခေါင်းပါးတဲ့ မြန်မာပြည်မြောက်ပိုင်းဒေသ တွေမှာနေကြတာ။ သူတို့မှာ စားနပ်ရိက္ခာ လိုအပ်ချက်နဲ့ဆေးဝါးလို အခြေခံ လိုအပ်ချက်တွေအတွက် ငွေရဖို့ ဘိန်းစိုက်ဖို့ကလွဲပြီး တခြားရွေးစရာလမ်းသိပ်မရှိဘူး´  ဟု မစ္စတာ Leik က ပြောသည်။

`စီးပွါးရေးဖိအားက ဘိန်းစိုက်တောင်သူတွေကို ဘိန်းပြန်စိုက်အောင် လုပ်တဲ့နေရာမှာ အလွန်အစွမ်းထက်တယ်´ ဟု သူက ပြောသည်။ ဘိန်းအစားထိုး သီးနှံတွေရဲ့ စျေးနှုန်းတွေက ဒီနှစ်တွေ အတွင်းကျလာသည်။ လွန်ခဲ့သော နှစ်က အစားထိုးသီးနှံ ပြောင်းနှင့်ရာဘာတို့၏စျေးနှုန်းမှာ ၅၀% နီးပါး ကျဆင်းသွားခဲ့သည်။ အခြားသီးနှံများ အထူးသဖြင့် စီးပွါးဖြစ် သစ်သီးခြံ နှင့် ဆေးရွက်ကြီးတို့မှာ တရုတ်ပြည် စျေးကွက်အပေါ် မှီခိုနေရသည်။

ကမ္ဘာ့စီးပွါးရေး အကြပ်အတည်းနှင့် ချေးငွေ အကြပ်အတည်းကြောင့် တရုတ်ပြည်စျေးကွက် ဝယ်လိုအားမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။

`တရုတ်အာဏာပိုင်တွေက ဒီကုန်စည်တွေအပေါ် အခွန်ကောက်ခံနေတုံးဘဲ။ ဒီသီးနှံတွေ စိုက်ပျိုးတဲ့ တောင်သူတွေအတွက် ဆက်ပြီး ရပ်တည်ဖို့ မဖြစ်နိုင်လောက်အောင် ဖြစ်လာတယ်´ ဟု အမည်မဖော်လိုသူ မြန်မာမူးယစ်ဆေးဝါး နှိမ်နင်းရေး ထောက်လှမ်းရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနို်င်ငံရှိ လက်ရှိဘိန်းစိုက်ပျိုးသည့် မြေထက်ဝက်ကျော်မှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှိပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ စုစုပေါင်း ဘိန်းစိုက်ပျိုးမြေ၏ ၄၀% နီးပါးဖြင့် ဒုတိယလိုက်သည်။ ကုလသမဂ္ဂ အစီရင်ခံစာ အဆိုအရ ကချင်နှင့် ကရင်ပြည်နယ်များတွင်လည်း ဘိန်းစိုက်ပျိုးမြေ အနည်းငယ် တိုးတက်လာခဲ့သည်ဟု ဆိုသည်။ သို့သော် ဝ'နှင့် ကိုးကန့်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု တိုးတက်လာခဲ့သည်ဟူသော မှတ်တမ်းများမတွေ့ရဟု မစ္စတာလူးဝစ်စ်က မဇ္ဈိမကို ပြောသည်။

သို့သော်မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် တရုတ်မြန်မာနယ်စပ်တလျှောက်တွင် နိုင်ငံရေးအရ မတည်ငြိမ်မှုများ ရှိနေခြင်းကြောင့်လည်းကောင်း၊ မြန်မာအစိုးရက တိုင်းရင်းသား သူပုန်တပ်ဖွဲ့များကို ယခုနှစ်မကုန်မီ လက်နက်ချရန် တောင်းဆိုခဲဲ့ခြင်းကြောင့် ယင်းတို့အကြား စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာနေပြီး သူတို့၏အနာဂါတ်အတွက် မရေရာမှုများ ပေါ်ထွက်ခဲ့သည်ဟု ကုလ အဖွဲ့ကပြောသည်။

`အပစ်ရပ်အဖွဲ့များဖြစ်သော တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လက်နက်ကိုင် အဖွဲ့များဖြစ်သော ဝ'နှင့် ကချင်တို့က လက်နက်ဝယ်ဖို့ မူးယစ်ဆေးဝါးတွေကို ရောင်းချနေကြတယ်။ သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ရှာမတွေ့အောင် နေရာရွှေ့ပြောင်းတာတွေ လုပ်နေကြတယ်´ဟု သြစတြေးလျားနိုင်ငံမြို့တော် ဗီယင်နာ အခြေစိုက် ကုလ မူးယစ်ဆေးဝါး အေဂျင်စီ အကြီးအကဲ အန်တိုနီယိုမာရီယာ (Antonio Maria) က သူတို့အဖွဲ့၏ နောက်ဆုံး အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော် ကုလကိုယ်တိုင်ပြုလုပ်သည့် ဘိန်းလေ့လာချက်တရပ်ကမူ ဤကောက်ချက်ချမှုကို ထောက်ခံသည့် ပြောဆိုမှုများမရှိပါ။ အနောက်တိုင်း မူးယစ်နှိမ်နင်းရေးအရာရှိများကမူ ဤကိစ္စအလို့ငှါ မက်တာအက်ဖီတမင်း ဆေးဝါးများကို ပို၍သုံးဖွယ်ရှိသည်ဟုဆိုသည်။

ကုလအေဂျင်စီ က ဤဒေသသည် ကမ္ဘာ့အကြီးဆုံး  အက်ဖီတမင်း (amphetamines) ကဲ့သို့သော လူလုပ် မူးယစ်ဆေးဝါးများကို ကမ္ဘာပေါ်တွင် အများဆုံးထုတ်လုပ်သည့် နေရာဖြစ်လာသည်ဟု မကြာမီက သတိပေး ပြောကြားခဲ့သည်။ ဤဒေသတွင် မြန်မာနိုင်ငံသည် အဓိကထုတ်လုပ်သူ နိုင်ငံတနိုင်ငံ ဖြစ်သည်။

`လုံခြံုမှုနှင့် တည်ငြိမ်မှုသည် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မရှိမဖြစ် ကနဦး လိုအပ်ချက်များဖြစ်သည် ဆိုသည်ကို သမိုင်းက ပြသခဲ့ပြီး ဖြစ်သည်´ ဟု Mr. Leik က မဇ္ဈိမ ကိုပြောသည်။

ထို့ကြောင့် နိုင်ငံရေးအရ မသေချာမရေရာမှု အခြေအနေများသည် တောင်သူများအား ဘိန်းပြန်စိုက်အောင် စီးပွါးရေးအရ ဖိအားများကို တွန်းလှန်ရာတွင် မလွယ်ကူသည့် အနေအထားသို့ ရောက်နေသည်။ `တောင်သူတွေဟာ အတော်ဒုက္ခရောက်နေကြတာ၊ ဒါကြောင့် ဘိန်းပြန်စိုက် ကုန်ကြတာ´ ဟု သူက ပြောသည်။

မြန်မာအစိုးရကြောင့်လည်း ဤသို့မလွယ်သည့် အခြေရောက်ရသည် ဆိုသည်ကိုလည်း သူက သဘောတူသည်။

အဆိုပြုတင်ပြခဲ့သော စီမံကိန်းပေါင်းများစွာမှာ ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေသည့်အတွက် ပယ်ချခြင်းသော်လည်းကောင်း၊ ဆိုင်းငံ့ထားခြင်းသော်လည်းကောင်း ခံခဲ့ရသည်ဟု သူက ဆက်လက်ပြောဆိုသည်။

Most read this week