ဒီဇင်ဘာ ၁၃ ရက်နေ့ ၁၅းဝဝ နာရီအချိန်က ထိုင်း - သျှမ်းနယ်စပ်တနေရာ၌ သျှမ်းပြည် တိုင်းရင်းသား လူငယ်များကျောင်း ှSchool for Shan State nationality youth နဝမအကြိမ်မြောက် သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။
“ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံအမတ Canadian Ambassador Ron Hoffman ကိုယ်တိုင်တက်ရောက်အားပေးစကား ပြောတယ်” - သင်တန်း ဆင်းပွဲတက်ရောက်သူ လူငယ်တဦးက ပြောပြပါသည်။
၂၀၀၉ ပညာသင်နှစ်တွင် သျှမ်းပြည် အနယ်နယ်အရပ်မှ တိုင်းရင်းသားလူငယ် ကျောင်းသား/သူ အယောက် ၃၀ က တက်ရောက် ပညာသင်ကြားပြီး သင်တန်းဆင်းလက်မှတ်အပ်နှင်းပွဲ၌ ရိုးရာအစားအသောက်၊ ဆိုင်ရာယဉ်ကျေးမှုအက တို့ဖြင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကို ဖျော်ဖြေခဲ့သည်။ ဧည့်သည်တော်များ၊ နာယကများ၊ အကြံပေးပုဂ္ဂိုလ် များ ကျောင်းဦးစီးကော်မတီများအသီးသီး တက်ရောက်အားပေးစကားပြောကြားသည့်အပြင် ကျောင်းသားလူငယ်များ လည်း ရင်တွင်းစကားများ ပြောကြားခဲ့သည်ဟုဆိုသည်။
School for Shan State nationality youth ကျောင်း အကြံပေးပုဂ္ဂိုလ်တစ်ဦးက -“ ဒီကျောင်းလေးမဖွင့်ခင် ၁၉၉၆ - ၉၈ တုန်းက သျှမ်းပြည်အလယ်ပိုင်းကျေးရွာ ၁၅၀၀ ကျော်ကို စစ်အစိုးရက မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲဒီ့အချိန်က သတင်းရဖို့ လနဲ့ချီ စောင့်ရတယ်။ အခုသူတို့လေးတွေရှိလို့ ဂျူလိုင်လကျေးရွာမီးရှို့မှု/အဓမ္မပြောင်းရွှေ့ခိုင်းမှုတွေမှာ ရက်ပိုင်းအတွင်း ဘဲသတင်း အချက်အလက်သိရတယ် ” - ဟု ကျောင်းသား/သူ ဟောင်းများအား ချီးကျူးပြောဆို၏။
အဆိုပါကျောင်းမှ လူငယ်များ အယောက် ၂၀၀ ကျော်မွေးထုတ်ပေးပြီးဖြစ်ကြောင်း၊ ထိုကျောင်းသားဟောင်းများအနက် အချို့မှာ တက္ကသိုလ် ဆက်တက်ကြပြီး အချို့မှာလည်း ဆိုင်ရာမိခင်အဖွဲ့အစည်း၊ လူမှုအသိုင်းအဝိုင်း (သို့မဟုတ်) ရောက်ရာအရပ်၌ အမျိုးသားရေး တာဝန်ထမ်းဆောင်နေကြသည်ဟု အဆိုပါအကြံပေးပုဂ္ဂိုလ်က ဆက်ပြောပါသည်။
ကျောင်းသားလူငယ်များကလဲ - ‘ကျနော်ဒီကျောင်းမရောက်ခင်မှာ ဘာဆိုဘာမှ မသိခဲ့ပါဘူး၊ သတင်းလို့ပြောရင် ဗမာစစ်ဗိုလ်ချုပ်တွေ ကိုဘဲသိတယ်။ အခု တန်းတူအခွင့်အရေးဆိုင်ရာ ပညာရပ်တော်တော်များများလေ့လာသိရှိရတယ်’- ဟုပြောပြီး၊ နောက်တဦးက -‘ကျနော်တို့ ၉ လသာ ပညာသင်ခဲ့ရပေမယ့် ကျနော်တို့ရလိုက်တဲ့ ဗဟုသုတက အများကြီး ပါဘဲ’၊ SSSNY ကျောင်းလိုမျိုး ၁၀ ကျောင်း လောက်ရှိရင် ကျနော်တို့နိုင်ငံကို တကယ်အပြောင်းအလဲလုပ်ပေးနိုင်မှာ’ - ဟု အသီးသီး ရင်တွင်းစကားပြောကြားခဲ့ကြ၏။
“နှစ်တိုင်း စာအုပ်တွေထုတ်ဝေတယ်။ မနှစ်တနှစ်ကဆို Latter from Shan State ၊ နောက်မနှစ်က candle in the dark နဲ့ အခုကျနော်တို့နှစ်က The dog holding the moon in the mouth ဆိုတဲ့စာအုပ်တွေပေါ့။ တိုင်းရင်းသား ပုံပြင်အပုဒ် ၂၀ လောက်ပါတယ်။ အမျိုးသားရေးဆိုင်ရာ ပုံပြင်တွေပေါ့”- ဟု ကျောင်းသားလူငယ်တဦးက ပြောပြ၏။
ချန်တောင်းကျောင်းဟု အများသိရှိသည့် သျှမ်းပြည်တိုင်းရင်းသားလူငယ်များကျောင်း School for Shan State nationality youth ခေါ် SSSNY သည် သျှမ်းအမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ သျှမ်းအမျိုးသမီးငယ် နန်းချမ်တောင်းက ၂၀၀၁ ခုနှစ် က ဦးစီးဖွင့်လှစ်ခဲ့သည်။