မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအား တိုက်ပွဲဝင် အင်အားစုအားလုံးနှင့်အတူ ဆန့်ကျင်တွန်းလှန် သွားမည် ဖြစ်သည့်အပြင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အဆုံးတိုင် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ယမန်နေ့ WLB ၏ ၁၀ နှစ်မြောက် အထိမ်းအမှတ်တွင် ထုတ်ပြန်သွားသည်။
စစ်အစိုးရမှ အတည်ပြုသွားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာပြည်သူလူထု၏ ဆန္ဒများ မပါသော်လည်း အတင်းအဓမ္မ လုယူအတည်ပြုခဲ့ကြောင်း၊ အခြေခံဥပဒေတွင် ထည့်ထားသော အချက်အလက်များသည်လည်း ၎င်းတို့အာဏာ ဆက်လက်တည်တံ့ ခိုင်မြဲစေရေးအတွက်သာဖြစ်ကာ၊ ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း ယင်းအခြေခံဥပဒေများအပေါ် အခြေခံထားမည် ဖြစ်သော ကြောင့် လက်မခံနိုင်ရခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး လွေးအေးနန်းက ပြောသည်။
၎င်းက “ဒီ ၂၀၁၀ ရွေးကောက်ပွဲက အဓိက သူက ပြီးခဲ့တဲ့ ၂၀၀၈က လုပ်သွားခဲ့တဲ့ အတင်းအဓမ္မ အတည်ပြုသွားခဲ့တဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ မူတည်ပြီးတော့ သူတို့ ၂၀၁၀ကို ကျင်းပသွားမှာကိုး။ အဓိက ၂၀၁၀ကို ကျင်းပသွားတာက သူတို့ ဒီနအဖ စစ်အစိုးရကပေါ့နော့်။ သူတို့ အာဏာကို အတင်းအဓမ္မ လုယူထားတယ်။ နောက်ပြီးတော့ သူတို့ အာဏာတည်မြဲဖို့အတွက်၊ တရားဝင် ဖြစ်ဖို့အတွက် သူတို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က လက်မခံနိုင်ဘူးပေါ့နော့်” ဟု ပြောပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း အမျိုးသမီးများ ဘဝလုံခြံုရေးနှင့် ကျားမတန်းတူရေးကို အာမခံသည့် ပြဌာန်းချက်များ မပါ၀င် ကြောင်း၊ ယင်းဥပဒေကို အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲသည်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးထုကြီး၏ ဘဝကို ဆင်းရဲမွဲ တေမှုနှင့် အကြမ်းဖက်ခံရမှု သံသရာအတွင်းသို့ ဆက်လက်ကျရောက်နစ်မွန်းစေမည့် အန္တာရာယ်ဆိုးတခု ဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ရေးသားထားသည်။
“တောက်လျှောက် ဒီစစ်အစိုးရ လက်အောက်မှာ ရှိနေတဲ့ ကျမတို့ ပြည်သူလူထုတွေဟာ ကြည့်မယ်ဆိုရင် အခုချိန်ဆိုလို့ရှိရင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံထဲက အပါအဝင် ဖြစ်နေပြီလေ။ ဆိုတော့ ဒီစစ်အစိုးရကြောင့်မို့လို့ ဖြစ်နေတာကိုး။ လူ့အခွင့်အရေး ချိုးဖောက်မှု ကြည့်မယ်ဆိုလည်း စစ်အစိုးရ လက်ထဲမှာ ဖြစ်နေတယ်။ တိုင်းရင်းသား ဒေသများ ရှိနေတဲ့ ပြည်သူလူထုတွေကို အထူးသဖြင့် တိုင်းရင်းသူ အမျိုးသမီးတွေကို ပြုကျင့်တဲ့ဟာမျိုး ဖြစ်နေတယ်။ ဆိုတော့ အဲဒီဟာကို ကြည့်မယ်ဆိုရင် စစ်အစိုးရ လက်ထဲက ရှိနေတဲ့ စစ်တပ်တွေပဲပေါ့နော့်” ဟု လွေးအေးနန်းက ပြောပါသည်။
စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ဖြစ်မည်မှာ မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယခုအချိန်ထိ အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်၌ ချထားနေသည့်အပြင် အခြားသော နိုင်ငံရေးအကျဉ်သားမားများနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်။
စစ်အစိုးရသည် အမျိုးသမီးများ၏ ဘဝရှင်သန်ရေးအတွင် လွန်စွာ အရေးပါသော စီဒေါစာချုပ်ကို ဟန်ပြလက်မှတ်ထိုးခဲ့ခြင်းသည် မြန်မာအမျိုးသမီးများကိုသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ အမျိုးသမီးအင်အားစုများကို စိန်ခေါ်နေကာ ယင်းစာချုပ်ပါ သဘောတူညီ မှုများကို ထင်ဟပ်သည့် စဉ်းစားချက်များ၊ လက်တွေ့အကောင်ထည် ဖေါ်ဆောင်ရွက်မှုများ ရှိ၊မရှိကို WLB အနေနှင့် ဆက်လက် စောင့်ကြည့်မှတ်တမ်းယူသွားမည်ဟု ရေးသားဖော်ပြထားသည်။