ရန်ကုန် (မဇ္စျိမ)။ ။ ဘူတာရုံလမ်းမှတ်တိုင် ကျော်သည့်အခါတွင် တက္ကစီမောင်းသူက ကားကို အင်းစိန်လမ်းမကြီးမှ လမ်းသွယ်တခုအတွင်း ရုတ်တရက် ချိုးကွေ့လိုက်သောကြောင့် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဘာများလဲ၊ ဘာလုပ်မလို့လဲ …။
ယာဉ်မောင်းသူ၏ အသက်က ခန့်မှန်းခြေ နှစ် ၅၀ စွန်းစွန်း ရှိပေမည်။ ကြောက်စိတ်ကြောင့် မဟုတ်သော်လည်း အချိန်က ညဥ့်နက်လုနီးပြီး၊ တနေကုန် ပင်ပန်းထားသဖြင့် အိမ်ပြန်၍ အနားယူချင်စိတ် ကြီးစိုးနေတာကြောင့် ကျနော်က သူ့ကို မေးကြည့်လိုက်မိသည်။
''တည့်တည့်သွားရမှာ မဟုတ်လား ဦးလေး။ ဘယ်ဝင်ဦးမလို့လဲ။ ကျနော် သိပ်အချိန် မရလို့ပါ''
ကားက အင်းစိန်လမ်းမကြီးနှင့် ပြည်လမ်းမကြီးကို ဆက်သွယ်ထားသည့် လမ်းငယ်တစ်ခုပေါ်တွင် မောင်းနှင်နေသည်။ အလုပ်ကိစ္စဖြင့် အင်းစိန်မှ မြို့ထဲသို့အပြန် အချိန် အနည်းငယ်လင့်နေပြီဖြစ်၍ တက္ကစီငှားလာခဲ့ခြင်း ဖြစ်သည်။ ည ၁၁ နာရီခန့်ဖြစ်၍ ပတ်ဝန်းကျင်တွင်လည်း တိတ်ဆိတ်မှုများ မင်းမူနေသည်။
''မဟုတ်ပါဘူး ငါ့တူရယ်။ ရှေ့မှာ ကားတွေတားပြီး စစ်နေတာရှိတယ်။ တခါတခါဆိုရင် ၁၅ မိနစ်လောက် ကြာတယ်။ ပြည်လမ်းဘက်က ပတ်လိုက်ရင် ၅ မိနစ်၊ ၆ မိနစ်လောက်ပဲ ပိုကြာတာပါ။ တက္ကစီ ဆွဲမကောင်းရတဲ့အထဲ စကားပြောနေဆိုနေရမှာ စိုးလို့ပါ။ စိတ်မပူပါနဲ့'' ဟု ဖခင်အရွယ်၊ ဦးလေးအရွယ်ဖြစ်သူက ယဉ်ကျေးစွာ ဆိုလာသည်။
ညဘက် စစ်ဆေးနေသည့် ယာဉ်စစ်များကို ရှောင်ကွင်းမောင်းနှင်ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။ လမ်းပေါ်တွင် ယာဉ်အသွားအလာ နည်းပါးနေချိန် ဖြစ်ပြီး လှည်းတန်း၊ မြေနီကုန်းမီးပွိုင့်များမှအစ ပြည်လမ်းမကြီး တောက်လျှောက် ယာဉ်အသွားအလာကျဲပါးနေသည်။ ထူးခြားသည်က ဖြတ်သွားဖြတ်လာ ကားများအနက် အနည်းဆုံး ကားသုံးစီးတွင် တက္ကစီနှစ်စီးခန့်ပါဝင်နေပြီး လမ်းမတစ်လျှောက် တက္ကစီယာဉ်များသာ အများဆုံး တွေ့နေရခြင်းဖြစ်သည်။
သူ့ကိုယ်သူ အီးပီစီ (လျှပ်စစ်ရုံး) ဝန်ထမ်းဟောင်းတဦးပါဟု မိတ်ဆက်လာသူ တက္ကစီယာဉ်မောင်းသူကြီးက ''အခုနောက်ပိုင်း တက္ကစီတွေက များလာတယ်။ ဂတ်စ်ဖိုး သက်သာပေမယ့် ခရီးသည်ရဖို့ ခက်လာတယ်။ တက္ကစီမောင်းတဲ့သူတွေ မကိုက်ကြတာ ၂ နှစ်လောက် ရှိပြီ။ ဒီနှစ်ပိုင်းမှာ တော်တော်လေးကို ဆိုးလာတယ်'' ဟု ညည်းတွားရေရွတ်သည့် လေသံဖြင့် ဆိုလာလေသည်။
တက္ကစီယာဉ်မောင်းများ ယခုကဲ့သို့ ညည်းတွားခြင်းကို မကြာခဏ ကြံုတွေ့ခဲ့ရသည်။ ၂၀၀၀ ပြည့်လွန်နှစ်များက ရန်ကုန်၌ ကားငှားစီးလိုပါက တက္ကစီများစုပေါင်း ဂိတ်ထိုးသည့် နေရာများသို့သွားလျှင်သွား၊ မသွားလျှင်တော့ လမ်းပေါ်က တက္ကစီလာသည်အထိ အချိန်ကြာအောင် စောင့်ငှားပေရော့။ အနည်းဆုံးတော့ လမ်းမကြီးများပေါ်အထိ ထွက်ငှားရသည့် အနေအထားရှိခဲ့သည်။ ယခုမူ စီးတီးတက္ကစီတွေက လမ်းကြို၊ လမ်းကြား၊ လမ်းသွယ်မကျန် ခရီးသည် ပတ်ရှာနေရပြီဖြစ်သည်။ လမ်းမကြီးပေါ်တွင် ရပ်နေပါက လက်ပြတားရန် မလိုအောင်ပင် တက္ကစီများက ထိုးရပ်ပြီး ''ဘယ်သွားမလဲ'' ဟု မေးမြန်းကာ ခရီးသည်စပ်ကြသည်။
''ကမ္ဘာ့စီးပွားပျက်ဂယက်က တက္ကစီသမားလောက်အထိတော့ လာမထိဘူးထင်တာ။ နောက်ပိုင်းမှာ လူတွေက အထူးကား (အထူးယာဉ် ဘတ်စ်ကားလိုင်းများ) ပိုစီးလာကြတယ်။ အုံနာကြေးပြည့်အောင် ခရီးသည်ကို ထိုင်စောင့်နေလို့ မရတော့ဘူး။ ပတ်ရှာပေတော့ပဲ။ အခုနောက်ပိုင်း အုံနာကြေးနုတ်ပြီး တနေ့ တသောင်းလောက် ပုံမှန်ကျန်တဲ့ တက္ကစီသမားဆိုတာ မရှိသလောက်ဖြစ်သွားပြီ'' ဟု အီးပီစီ ဝန်ထမ်းဟောင်းကြီးက ဆိုလေသည်။
စီးတီးတက္ကစီများ အလုပ်မဖြစ်သည်မှာ အစိုးရဆိုင်ထုတ်စျေး ဆီတဂါလံ ကျပ်ငွေ ၁၆၀ မှ ၁၅၀၀ ဖြစ်ပြီးနောက်ပိုင်း တောက်လျှောက်ပင် ဖြစ်သည်။ သည့်မတိုင်မီ နှစ်များတွင်မူ တက္ကစီသမားများ၏ ရွှေခေတ်သာ။ ၂၀၀၄၊ ၂၀၀၅ ခုနှစ်များမှ ၂၀၀၇ ခုနှစ် နှစ်လည်ပိုင်းအထိ တက္ကစီသမားတိုင်းလိုလို အုံနာကြေးအပ်ပြီး တသောင်းခွဲ၊ နှစ်သောင်းလောက် ကျန်သည်။ ဆိုင်ထုတ်ဆီစျေးတက်ခြင်းမှ အစပြုခဲ့သည့် ရွှေဝါရောင် ဆန္ဒပြပွဲများအပြီး နောက်ပိုင်းတွင်မူ ယခင်လောက် ဝင်ငွေမကောင်းကြတော့။ ထို့အပြင် ၂၀၀၈ ခုနှစ် မေလဆန်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်နှောင်းပိုင်း ကာလများမှ စတင်၍ ယနေ့တိုင် တက္ကစီယာဉ်မောင်းများအတွက် အဆိုးဆုံးကာလများ ဖြစ်လာခဲ့ပေသည်။
''ဒီနှစ်ဆန်းပိုင်းက တရက်ကို အုံနာကြေးနုတ်အပြီး ရှစ်ထောင်၊ တစ်သောင်းလောက် ရှာလို့ ရသေးတယ်။ အခုနောက်ပိုင်း တော်တော်ပဲ ဆိုးလာတယ်။ တပတ်မှာ ၄၊ ၅ ရက်လောက်က အိမ်ပြန်ရင် ၅ ထောင်လောက်ပဲ ပါတာများတယ်။ သိပ်အဆွဲကောင်းတဲ့နေ့မှ သောင်းဂဏန်းလောက် ကျန်တယ်။ အဲ့လိုရတာမျိုးလည်း ဒီလပိုင်းတွေမှာ တော်တော် ရှားသွားပြီ'' ဟု ဒဂုံစင်တာရှေ့ အငှားယာဉ်ဂိတ်မှ ကိုစိုးမင်းက ဆိုသည်။
တက္ကစီ အငှားယာဉ်များကို CNG ပြောင်းလဲတပ်ဆင်စေခဲ့ပြီးနောက် ဓာတ်ငွေ့တန်ဖိုး ကုန်ကျစရိတ် သက်သာမှုကြောင့် ခရီးသည်များကို အပြိုင်အဆိုင် စျေးနှုန်းလျှော့ချတင်လာခြင်းက စျေးကွက်ထိခိုက်ခြင်း အကြောင်းတရားတခု ဖြစ်စေခဲ့သည်။
တက္ကစီဆလွန်းယာဉ်များတွင် အများဆုံး သုံးစွဲသည့် လီတာ ရ၀ ဝင် CNG တအိုးလျှင် ဂတ်စ်ဖိုးကုန်ကျငွေ ၃၂၀၀ ခန့်သာရှိပြီး ယင်းပမာဏသည် ကီလိုမီတာ ၁၀၀ ဝန်းကျင်ခန့် မောင်းနှင်နိုင်သည်။ ယေဘုယျအားဖြင့် CNG ရ၀ လီတာတအိုး အပြည့်ဖြည့်ထားသော တက္ကစီတစီးသည် မြို့တွင်း၌ နံနက် ရ နာရီမှ ညနေ ၃ နာရီ ဝန်းကျင်ခန့်အထိ မနားတမ်းပတ်ကာ ခရီးသည်ရှာဖွေနိုင်သည့် အနေအထားဖြစ်သည်။
''ကျနော်က ကိုယ်ပိုင်တက္ကစီပါ။ အုံနာကြေးပေးစရာမလိုတော့ တရက်ကို တသောင်းခွဲလောက်ရရင် ပြန်လိုက်တယ်။ ဂတ်စ်ကားတွေက ပျမ်းမျှ အုံနာကြေး တသောင်း သုံးထောင်ကနေ တသောင်းခွဲကြား ရှိတယ်။ ဂတ်စ်ဖိုးက ၃၀၀၀ ပဲထား၊ တနေ့အရင်းက ၁၈ဝဝဝ (တသောင်းရှစ်ထောင်) ရှိနေတယ်။ ဒီတော့ ၂ဝဝဝ တန်ခရီးကို ၁၅ဝဝ နဲ့ ဆစ်ရင်လည်း လိုက်လိုက်ရတာပဲ။ ခရီးသည်တွေကလည်း တန်ရာတန်ကြေးထက် ပိုဆစ်လာကြတယ်။ ကိုယ်မလိုက်လည်း သူများလိုက်မှာပဲဆိုတော့ ထည့်ထားတဲ့ ဂတ်စ်၊ ငွေပြန်ဖြစ်ပြီးရော တင်လိုက်တာ များတယ်။ ကိုယ်မလိုက်ဘူးဆိုလည်း နောက်ကားက လိုက်မှာပဲ။ အဲဒီတော့ စျေးကွက်ပျက်လာတဲ့ သဘောဖြစ်လာတာပဲဗျ။ ကိုယ်ပိုင်မောင်းတဲ့သူတွေကတော့ ငှားမောင်းတဲ့သူလောက် အသည်းအသန် မရှာရဘူးပေါ့'' ဟု တက္ကစီယာဉ်ပိုင်ရှင်ဖြစ်ပြီး ကိုယ်တိုင်လည်း မောင်းနှင်သူ လှိုင်မြို့နယ်မှ ကိုထွန်းဝင်းက ဆိုသည်။
CNG ကားတွေချည်းသာမဟုတ် ဆီကားများကို မောင်းနှင်သူများမှလည်း ထိုနည်းနှယ်ပင်။ လက်ရှိ စက်သုံးဆီစျေးကြောင့် ခရီးသည်ကို လိုက်မရှာနိုင်သော သူတို့မှာ ခရီးသည်အလာကို စောင့်ရသဖြင့် ပိုဆိုးသည်။ ဆီကားများမှာ အုံနာကြေး ကျပ် ၈ဝဝဝ (ရှစ်ထောင်) မှ ၁ဝဝဝဝ (တသောင်း) အကြား ပေါက်စျေးရှိသည်။ အုံနာကြေး လျော့နည်းသော်လည်း ဆီစျေးနှုန်းနှင့် ပြန်လည်ချိန်ညှိပါက မထူး။
''ဆီကားက ပိုဆိုးတယ်။ အုံနာက နယ်အော်ဒါမက်ပြီး CNG မပြောင်းပဲထားတာ။ ဒီလပိုင်းတွေ တနေ့ လေး-ငါးထောင်လောက်ပဲ အိမ်ပြန်ပါတယ်။ တပတ်ကို တရက်လောက် အုံနာကြေးတောင် ပြန်စိုက်ရတာမျိုးတွေတောင် ရှိလာတယ်'' ဟု ဆီကားမောင်းသူတဦးက ဆိုသည်။
''တွက်ကြည့်လေ ၂ဝဝ၇ ခုနှစ်လောက်ကလည်း မြို့ထဲကနေ လှည်းတန်း ၁၅ဝဝ ၊ အခုလည်း မြို့ထဲကနေ လှည်းတန်းကို ၁၅ဝဝ ။ ကားခစျေးက တက်မလာဘူး။ တခြား ကုန်စျေးနှုန်းတွေက ငြိမ်နေတာ မဟုတ်ဘူးလေ။ ကြက်ဥတလုံး ၂ဝဝ၇ (ခုနှစ်) မှာ အစိတ် (၂၅ ကျပ်) ရှိတာ အခု ၁ဝဝ နား ကပ်နေပြီ။ စပေါ်တင်မထားရဘဲ ကြိုက်တဲ့ကား တက်မောင်းဆိုရင်တော့ တနေ့ ၅ဝဝဝ၊ ၆ဝဝဝ ဘယ်နည်းမလဲ။ အခုလိုချည်းဆိုရင်တော့ ရေရှည်မှာ တခြားအလုပ်ပြောင်းရမယ့် အနေအထားပဲ'' ဟု လှိုင်မြို့နယ်မှ ကိုထွန်းဝင်းက သူ့အခက်အခဲကို ရှင်းပြလေသည်။
အလုပ်ဖြစ်သူ အနည်းငယ်တော့ ရှိနေသည်။ စင်တင်စားသောက်ဆိုင်များ၊ ကာရာအိုကေများနှင့် နိုက်ကလပ်များ ပေါများနေခြင်းကို အသုံးချတတ်သူတွေအတွက်မူ အနည်းငယ် ခေတ်ကောင်းနေသည်ဟု ပြောရပေမည်။ သို့သော် ညပိုင်းအချိန်သာ။ ထို့ပြင် ပြောတတ်ဆိုတတ် မိတ်ဖွဲ့တတ်သည့် လူငယ်၊ လူသွက်များသာ ပိုမို၍ အလုပ်ဖြစ်ကြသည်။
''ကလပ်မှာ ညပိုင်းထိုးတာ ကိုက်တယ်။ ကောင်မလေးတွေ ကလပ်ကိုလာတဲ့အချိန် ကြိုပေးလိုက်။ ကလပ်မှာ သူတို့အလုပ်ဖြစ်ပြီး ဧည့်သည်ပါလာရင် ဟော်တယ်လိုက်ပို့ပေးလိုက်။ ပြီးရင် ကလပ်ကို ပြန်မောင်း။ ကောင်မလေး ၄-၅ ယောက်လောက်နဲ့ ချိတ်ထားရင် အဲအချိန်ပိုင်းလေးတင် တသောင်း၊ တသောင်းခွဲ ရှာလို့ရတယ်'' ဟု ယာဉ်စီးသူ အခက်အခဲကို သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းနေပုံကို ယာဉ်မောင်းတဦးက ပြောပြသည်။
ယာဉ်မောင်းသူများ ညည်းတွားသည်ကိုသာ တွေ့ရသည်မဟုတ်။ အုံနာယာဉ်ပိုင်ရှင်များလည်း ညည်းကြသည်။
နိုင်ငံခြားသင်္ဘောတွင် ၅ နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ယာဉ်ပိုင်ရှင်တဦးက ''သင်္ဘောလိုက်ပြီး စုထားတဲ့ ငွေလေးကို ပုံမှန်ဝင်ငွေလေး ရနေအောင်ဆိုပြီး တက္ကစီထောင်ထားလိုက်တာ။ တကယ်တွက်ကြည့်တော့ ကျနော်တို့လည်း မကိုက်ပါဘူးဗျာ။ ကားဝယ်လိုက်တုန်းက သိန်း ၂၈ဝ လောက်ကျတယ်။ တလကို ၄ သိန်းခွဲ အုံနာကြေးရပေမယ့် ပြင်ဆင်စရိတ်က ရှိသေးတယ်။ ငွေတိုးနဲ့ တွက်ရင် အများကြီးရှုံးနေပြီ။ ဒီကြားထဲ ဝပ်ရှော့ ၄-၅ ရက်လောက် ထိုးလိုက်ရရင် သွားပြီ'' ဟု ဆိုသည်။
''ဒီနှစ် ပြေးဆွဲခွန်က ၂ နှစ်စာ ဆောင်လိုက်ရတယ်။ တနှစ် အခွန် ၃ သိန်း ၂ သောင်း ဆောင်ရတာ။ ၂ နှစ်စာ လုံးကနဲ ပေးလိုက်ရတော့ ထိတာပေါ့။ တလခွဲ၊ နှစ်လစာလောက် အုံနာကြေးရတဲ့အထဲက ပြန်ပေးလိုက်ရတယ်။ ကိုယ့်ကားကို မောင်းတဲ့သူကလည်း လိမ်မာဦးမှ။ မဟုတ်ရင် ဘယ်အချိန် ဘာဖြစ်မလဲဆိုပြီး တချိန်လုံး ရင်မောနေရမယ်'' ဟု အဆိုပါ ယာဉ်ပိုင်ရှင်က သူ့ရင်ခုန်သံကို ဖွင့်လှစ်ပြသည်။
စီးပွားရေးဦးပိုင်လီမိတက်၏ လုပ်ငန်းခွဲဖြစ်သော ပါရမီတက္ကစီများကို မောင်းနှင်သူများမှာလည်း မောင်းနှင်ခွင့်ရရေးအတွက် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းကြရသည်။
''ပထမဆုံးဝင်တဲ့ ကိုရီးယားဆလွန်းတွေတုန်းက စပေါ် ၅ သိန်း၊ အုံနာကြေး ၅ ထောင်။ အခုနောက်ပိုင်း ဗင် (Van) တွေက စပေါ် ၁ဝ သိန်း၊ အုံနာကြေး တသောင်း ဖြစ်သွားပြီ။ အဲတာလည်း ရဖို့ခက်ပါတယ်။ လူကြီးလက်မှတ်ပါမှ ရမယ်တဲ့။ လျှောက်လွှာမှာ ဗိုလ်မှူးကြီးလက်မှတ် ထိုးပေးမယ်၊ လက်မှတ်ထိုးပေးခချည်းပဲ ၃ သိန်း၊ ၅ သိန်းပေး အဲဒီလိုတွေလည်း ရှိသေးတယ်'' ဟု ကိုယ်တိုင်လျှောက်ထားဖူးသူ တဦးက ပြောဆိုသည်။
စီးတီးတက္ကစီများ ပေါများလာပြီး ယာဉ်စီးခများ သက်သာလာခြင်းက စီးနင်းသူများအတွက် စိတ်ကြိုက်ရွေးချယ်ခွင့် ရလာစေပြီး စျေးကွက်အသာရလာသော်လည်း ကိုယ်ပိုင်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သည့် ယာဉ်မောင်းများအဖို့ မကိုက်သည့် အနေအထား ဖြစ်လာသည်မှာတော့ အမှန်ပင်။
ရန်ကုန်မြို့တွင်း လမ်းများထက်တွင် ညဥ့်နက်သန်းခေါင်မကျန် ၂၄ နာရီပတ်လုံး တက္ကစီများ အချိန်ပြည့် တွေ့နေရခြင်းက လမ်းပမ်းဆက်သွယ်ရေး တိုးတက်ဖွံ့ဖြိုးလာခြင်းကို အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့ ဝမ်းစာရေးအတွက် ငွေကြေးရှာဖွေနေရသည့် တက္ကစီသမားများ၏ ဘဝအခြေအနေကိုလည်း မီးမောင်းထိုးပြသည့်နှယ် ဖြစ်နေသည်။
''တက္ကစီဆွဲတာ ခေတ်မကောင်းတော့ဘူး။ ပိုက်ဆံ ၁၅ သိန်း၊ သိန်း ၂ဝ လောက်များ ရှိလို့က စပေါ်တင်ပြီး တက္ကစီမောင်းစားမယ် မစဉ်းစားနဲ့။ စျေးဆိုင်လေးဖွင့်ရင်တောင် အဆင်ပြေနိုင်သေးတယ်။ တခြားအလုပ် စဉ်းစားတာ ပိုကောင်းလိမ့်မယ်'' ဟု ကိုထွန်းဝင်းက အကြံပေး ပြောဆိုလိုက်သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)