စစ်တပ် ရိက္ခာအတွက် ရခိုင် ၁၀ မြို့နယ်မှ စပါး ၀ယ်ယူမည်

စစ်တပ် ရိက္ခာအတွက် ရခိုင် ၁၀ မြို့နယ်မှ စပါး ၀ယ်ယူမည်
နအဖ စစ်တပ်မှ ယခုနှစ် စပါးရာသီအတွင်း ရခိုင်ပြည်နယ် ၁၀ မြို့နယ်မှ တပ်မတော် ရိက္ခာအတွက် စပါးများ ၀ယ်ယူသွားမည် ဖြစ်သည်ဟု သတင်း ရရှိသည်။ စပါးဝယ်ယူမည့် မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ...

နအဖ စစ်တပ်မှ ယခုနှစ် စပါးရာသီအတွင်း ရခိုင်ပြည်နယ် ၁၀ မြို့နယ်မှ တပ်မတော် ရိက္ခာအတွက် စပါးများ ၀ယ်ယူသွားမည် ဖြစ်သည်ဟု သတင်း ရရှိသည်။

စပါးဝယ်ယူမည့် မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် တို့ ဖြစ်သည်။

paddy၂၀၁၀ ခုနှစ် ဇန္နဝါရီလ (၁) ရက်နေ့မှ စတင်ပြီး ဒေသပေါက်စျေးအတိုင်း ၀ယ်ယူသွားမည် ဖြစ်ပြီး သက်ဆိုင်ရာ စစ်တပ် တပ်ရင်းများမှ ဖွင့်လှစ်ထားသော စပါး အဝယ်ဒိုင်များတွင် ရောင်း ချနိုင်ကြောင်း စစ်တပ်မှ ပြောသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် စပါး အထွက်နုန်းကောင်းခဲ့သော်လည်း စပါးစျေးမရှိဘဲ ဖြစ်နေသဖြင့် လယ်သမားများ အခက်ကြံုနေကြသည်။

ပေါက်တောမြို့နယ် တောင်ချောင်ကျေးရွာမှ လယ်သမား တဦးက “ စပါးတောင်း ၁၀၀ ကိုကျပ် ၉၀၀၀၀ သောင်းခန့်ဘဲ ရှိပါတယ်။ တသိန်းထိ မရသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဓါတ်မြေသြဇာ တအိတ်ကို နှစ်သောင်း သုံးသောင်းပေးပြီး စပါးကောင်းအောင် သုံးထားရတော့ စပါးစျေး မတက်ရင် လယ်သမားတွေ စပါး အထွက်ကောင်းပေမယ့် အရှံုးပေါ်နိုင်ပါတယ်†ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခုအခါ ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များမှလည်း စပါးများကို လိုက်လံဝယ်ယူနေပြီး စစ်တပ်မှလည်း တပ်ရိက္ခာအတွက် စပါးဝယ်ယူမည် ဆိုသဖြင့် စပါးစျေးတက်လာရန်ကို ရခိုင်တောင်သူလယ်သမားများက မျှော်လင့်နေကြသည်။

ရသေ့တောင်မြို့နယ် ဆင်ပိုက်ကျေးရွာမှ လယ်သမား တဦးကလည်း "ကျွန်တော်တို့ ဒေသမှာ စပါးတွေကို ဆန်ကုန်သည်တွေနဲ့ ဒေသအတွင်းမှာ ရှိတဲ့ တပ်ရင်းတွေက စပါးတွေကို လိုက်လံ ၀ယ်ယူနေတာတွေ ရှိနေပါတယ်။ စပါးစျေးက တသိန်း နီးပါးထိ တက်လာတာကို တွေ့ရပါတယ်။ စပါးစျေးတက်လာမှာကို လယ်သမားတွေ မျှော်လင့်နေကြပါတယ်" ဟု ပြောသည်။

ရခိိုင်ပြည်နယ်တွင် လူဦးရေ၏ ၉၀ ရာခိုင်နုန်းကျော်မှာ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုကြသူများ ဖြစ်သဖြင့် စပါးစျေးကောင်းမှ လယ်သမားများမှာ ငွေရွှင်ပြီး စျေးဆိုင်များတွင် အရောင်းအဝယ် ကောင်းသည်ဟု သိရသည်။

အိမ်နီးချင်း ဘင်္ဂလာဒေချ့် နိုင်ငံတွင် စပါးစျေးမကောင်း၍ လယ်သမားများ အရှံုးပေါ်မည် ဆိုလျှင် အစိုးရမှ စပါးစျေး မြင့်တက်လာရန် စပါးများကို ၀င်ရောက် ၀ယ်ယူပေးသည်ဟု သိရသည်။

ယခုနှစ်တွင်လည်း ပြည်တွင်းတွင် စပါးစျေးများ တက်လာရန်နှင့် လယ်သမားများ အမြတ်များများ ရနိုင်ရန် ရည်ရွယ်ပြီး ပြည်ပ ဆန်စပါး တင်ပို့ မူကို ဘင်္ဂလာဒေချ့် အစိုးရမှ ယာယီ ပိတ်ပင်ထားလိုက်ပြီ ဖြစ်သည်ဟု သတင်းရရှိသည်။

Most read this week