စစ်အစိုးရနှင့် ပူးပေါင်းခဲ့သော မွန်တပ်ဖွဲ့အချင်းချင်း ပူးပေါင်းလိုခြင်းကြောင့် ခေါင်းဆောင် အထိန်းသိမ်းခံရ

စစ်အစိုးရနှင့် ပူးပေါင်းခဲ့သော မွန်တပ်ဖွဲ့အချင်းချင်း ပူးပေါင်းလိုခြင်းကြောင့် ခေါင်းဆောင် အထိန်းသိမ်းခံရ
by -
အာကာ
လွန်ခဲ့သည့် ၂ လခန့်တွင် စစ်အစိုးရနှင့် ပူးပေါင်းလိုက်ပြီး ဒေသခံပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် လိုလားသော ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်းအား မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်း ...

လွန်ခဲ့သည့် ၂ လခန့်တွင် စစ်အစိုးရနှင့် ပူးပေါင်းလိုက်ပြီး ဒေသခံပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် လိုလားသော ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်းအား မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် ပူးပေါင်းရန် ကြိုးပမ်းမှုကြောင့် ထိန်းသိမ်းခံထားရကြောင်း ၄င်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်မှူးကြီးဟောင်း နိုင်ရှောင်းသည် လွန်ခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ခေါင်းဆောင် ယခင်မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း နိုင်အောင်နိုင်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း တွေ့ခွင့်မရပဲ ရေးမြို့အခြေချ စကခ ၁၉ လက်အောက်ရှိ ခလရ ၃၁ သို့ အပို့ခံထားရကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“နိုင်ရှောင်းကလည်း နိုင်အောင်နိုင်နဲ့ တွေ့ချင်တယ်၊ နိုင်အောင်နိုင်ကလည်း နိုင်ရှောင်းနဲ့ တွေ့ချင်တယ်၊ ဒါပေမယ့် တွေ့ခွင့်မပေးဘူး၊ သူတို့အချင်းချင်း ပေါင်းသွားမှာကို စစ်အစိုးရက လိုလားပုံ မရဘူး၊ ဒါ့ကြောင့်ထိန်းသိမ်းလိုက်တာ ဖြစ်မယ်” ဟု ၄င်းက ပြောသည်။

ပြင်ပရှိ ဧည့်သည်မိတ်ဆွေများနှင့် တွေ့ဆုံလိုပါက စစ်တပ်မှ တာဝန်ရှိသူများထံ ခွင့်တောင်းရပြီး တွေ့ခွင့်ပြုသူများနှင့် စစ်တပ်တာဝန်ရှိသူများ ရှေ့မှောက်တွင်ပင် ပြောဆိုဆွေးနွေးခွင့် ရှိကြောင်း၊ တွေ့ခွင့်ပြုသူများအား အထပ်ထပ်မေးမြန်း စစ်ဆေးပြီးမှ ၄င်းနှင့် တွေ့ခွင့်ပြုကြောင်းကို သွားရောက်တွေ့ဆုံခဲ့သော နိုင်ရှောင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးက “စစ်အစိုးရက နိုင်ရှောင်းကို လက်သပ်မွေးပြီး ရေးမြို့နယ်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ မွန်ခွဲထွက်ရေးအဖွဲ့တွေကို ချေမှုန်းခိုင်းမယ့် အစီအစဉ်ရှိတယ်လို့ ကျနော်တို့ ကြားတယ်။ နိုင်ရှောင်းလိုချင်တဲ့ ဒေသခံပြည်သူ့စစ်ပုံစံကို ခွင့်ပြုမယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ရှောင်းက တပ်တည်မယ့်နေရာကို ရေးမြို့နယ်မြောက်ပိုင်းမှာ လိုချင်တာကိုး” ဟု ပြောသည်။

နိုင်ရှောင်းသည် ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူခံရမည်ကို ရှောင်လွှဲလို၍ မွန်ပြည်သစ်ပါတီမှ နှုတ်ထွက်လာသူဖြစ်ကြောင်း အထက်ပါအရာရှိက ပြောသည်။

ရာမညတပ်ကို် ယခုနှစ် မေလကုန်ခန့်တွင် နိုင်ရှောင်းက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ထိုင်းမြန်မာနယ်စပ် တနင်္သာရီတိုင်းဘက်တွင် လှုပ်ရှားခဲ့သည်။
တပ်ဖွဲ့ဝင်အင်အား ၁၀ ဦးကျော်သာရှိသော ရာမညတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး လွန်ခဲ့သည့် သြဂုတ်လတွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ တပ်ရင်းတစ်ရင်းတွင် လက်နက်ချခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းတွင် ၄င်းတပ်ဖွဲ့အား မွန်ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သော နိုင်ချမ်းဒိန်းအဖွဲ့မှ လက်နက်ဖြုတ်သိမ်းခဲ့သည်။

နောက်ဆုံးရရှိသော သတင်းအရ လွန်ခဲ့သည့် နှစ်ရက်ခန့်တွင် နိုင်ရှောင်းအား အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ပို့ထားသည်ဟု သိရသည်။

Most read this week