ရန်ကုန် (မဇ္ဈိမ)။ ။ အများပြည်သူ သွားလာခွင့် ပိတ်ပင်ထားသော ကိုကိုးကျွန်းကို လေ့လာရေးခရီးစဉ်အဖြစ် စစ်အစိုးရက ခွင့်ပြုလာခဲ့သည်။
ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်၏ စီမံမှုဖြင့် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းပိုင် သံလွင်သဘောင်္ဖြင့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် စတင်သာ လေးရက်ကြာ ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်တွင် ခရီးသည် ၄၀၀ ကျော် လိုက်ပါသွားခဲ့သည်။
ခရီးသည်အများစုမှ အစိုးရဝန်ထမ်းများဖြစ်ကြပြီး အနုပညာသည်များ၊ နိုင်ငံပိုင် မီဒီယာများလည်း ပါသည်။
လက်မှတ်တစောင် ၂ သောင်း ၅ ထောင်ကျပ်ပေးရသည့် ခရီးစဉ်သည် ကိုကိုးကျွန်းစုများကို မြန်မာနိုင်ငံက ပိုင်ဆိုင်မှုကို ပြသလိုခြင်းကြောင့် ဖြစ်သည်ဟု လိုက်ပါပို့ဆောင်သည့် အရာရှိတဦးက ပြောသည်။
အိမ်နီးချင်းနိုင်ငံတချို့နှင့် ပိုင်နက်အငြင်းပွားမှုရှိနေကြောင်း ပြောသော်လည်း မည်သည့်နိုင်ငံဟု ရည်ညွှန်းသွားခြင်း မရှိပါ။
ရန်ကုန်တိုင်းအတွင်းရှိ ကိုကိုးကျွန်းစုသည် ရန်ကုန်မြို့အနောက်တောင်ဘက်မိုင် ၂၆ဝ အကွာ ဘင်္ဂလားပင်လယ်အော် အတွင်းတည်ရှိပြီး ကိုကိုးကြီးကျွန်း၊ မင်္ဂလာကျွန်း၊ ကိုကိုးလေးကျွန်း၊ ဂျယ်ရီကျွန်း၊ စားပွဲကျွန်း၊ ရတ်ကျွန်းတို့အပါအဝင် ကျွန်းပေါင်း ၁၂ ကျွန်းရှိသည်။
လက်ရှိတွင် လူဦးရေ တထောင်ကျော်ရှိပြီး အိမ်ခြေ နှစ်ရာကျော်ရှိကာ အများစုက အစိုးရ ဝန်ထမ်များဖြစ်ကြသည်။
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလုပ်လျှင် ကိုကိုးကျွန်းတခုလုံး အစိုးရဘက်က နိုင်ရလိိမ့်မည်ဟု မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးကျောဇောလင်းက ကြိုတင်ဟောကိန်းထုတ်ထားသည်။
၁၉၉ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ၅၆ ရာခိုင်နုန်းဖြင့် အနိုင်ရရှိခဲသည်။ နိုင်ငံတော်အား သစ္စာဖောက်ပုန်ကန်မှု ဥပဒေ ပုမ ၁၂၂(၁)ဖြင့် ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရသော ဦးလှသန်းသည် အသက် ၅ဝ အရွယ် ၁၉၉၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ အင်းစိန်ထောင်ထဲ ကွယ်လွန်သွားသည်။
ရှေးယခင်က အိန္ဒိယပိုင်ဖြစ်ခဲ့ဖူးသော ကိုကိုးကျွန်းစုများသည် ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် တပါတည်း အသိအမှတ်ပြု လွှဲပြောင်းပေးခဲ့သည်။
၁၉၅၉ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်က ကိုကိုးကျွန်းကြီးတွင် တကျွန်းအဖြစ် ထူထောင်က နိုင်ငံရေး အကျဉ်းသားများကို ပို့ဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် ရန်ကုန်အင်းစိန် ထောင်သို့ ရွှေ့ပြောင်းပေးလိုက်ပြီး ကျွန်းထောင်ကို ပိတ်လိုက်တော့သည်။
ထို့နောက် ရေတပ်၏ ကွပ်ကဲမှုအောက်တွင် ရှိနေခဲ့သော ကိုကိုးကျွန်းပေါ်သို့ အများပြည်သူ သွားလာခွင့်ကို ကန့်သတ်ခဲ့သည်။
(ရန်ကုန် သတင်းထောက် ပေးပို့သော သတင်းကို ဖနိဒါ ဖြည့်စွက်ရေးသားသည်။)