မဇ္စျိမ (ချင်းမိုင်) ။ ။ နေပြည်တော်နှင့် ဝ' တပ်မတော်ကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက် သဘောတူညီမှု မရသေးသဖြင့် စစ်မက်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်မကင်း ဖြစ်နေသည်။
ယခုလ ၁၄ ရက်နေ့တွင် နေပြည်တော်မှ စေလွှတ်သည့် စစ်ဘက်ဆိုင်ရာ အကြီးအကဲနှင့် ဝ' တပ်မတော် ခေါင်းဆောင်များကြား ၃ ကြိမ်မြောက် ဆွေးနွေးရာ ပြေလည်မှု မရဘဲ ပြီးဆုံးခဲ့သဖြင့် စစ်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေပြီး ဝ' ဒေသတွင်းရှိ ကုန်သည်အချို့က လှောင်ကုန်များကို အမြန်ထုတ်ရောင်းနေသည်။
“အခြေအနေက ဘာတွေဖြစ်မလဲတော့ မပြောနိုင်ဘူး။ ဝ’လူကြီးပိုင်းက လူတွေဆိုရင် တချို့ သူတို့ပစ္စည်းတွေကို လားရှိုးတို့ဘာတို့ နေရာတွေကို ရွှေ့ထားကြတယ်။ အကုန်လုံး မဟုတ်ဘူး။ ဟိုပန်က တချို့ ကုန်သည်ကြီးပိုင်းက ဝယ်ထားတဲ့ ပစ္စည်းတွေကို မြန်မြန်ပြန်ထုတ်နေကြတယ်။ ပစ်ကြခတ်ကြရင်တော့ ပြေးကြမှာပေါ့နော” ဟု ကွမ်လုံနှင့် ဝနယ်တွင်းသို့ ကူးသန်းနေသည့် ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။
ဤသည်မှာ ဝ ဒေသနှင့် ကပ်လျက်တည်ရှိသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့ - MNDAA (ကိုးကန့်) ကို တပ်အသွင်ပြောင်းလဲရေး ညှိနှိုင်းမရသဖြင့် မြန်မာတပ်က ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းအတွင်း စစ်ရေးအရ တိုက်ခိုက်ဖယ်ရှားအပြီး ဝ တပ်ဖွဲ့ကိုပါ စစ်ရေးအရ ဖိအားပေးလာမည်ကို ဒေသခံများ စိုးရိမ်ခဲ့ပြီးနောက် တခုတဖန် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယခုလ ၁၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းတွင် စစ်ဘက်ရေးရာ လုံခြံုရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ နိုင်ငံရေး ဦးဆောင်မှုပါတီ UWSP မှ ဒု-ဥက္ကဋ္ဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။
၎င်းဆွေးနွေးပွဲအပြီး နောက်တပတ်ဖြစ်သည့် ၂၁ ရက်နေ့တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားများ ရှမ်းပြည်မြို့တော် တောင်ကြီးဘက်မှ သံလွင်မြစ်အရှေ့ဘက်သို့ မောင်းနှင်သွားကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“မိုးကာတွေတောင် မဖုံးဘူး။ သေတ္တာတွေ ဘာတွေနဲ့ စစ်ကား ၁၅ စီးနဲ့ သယ်လာပြီး သူတို့က တောင်ကြီးဘက်က လာတယ်ဆိုတော့ သံလွင်မြစ်ကူးမယ်။ တာကော်တံတားကို မိုးညှင်းဘက်ကနေ ကျော်သွားမယ်။ ဒေသခံတွေကနေ မြင်တော့ အကြောင်းကြားတာပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။
ပုံမှန်အားဖြင့် သံလွင်တံတား၏ အရှေ့ဘက်ခြမ်းတွင် ဝ တပ်၊ မိုင်းလားနှင့် SSA တပ်များသာ ရှိသည်။
ဝ’ နယ်မြေတွင်းသို့ ဝင်ရောက်နိုင်သည့် ချင်းရွှေဟော်နှင့် ဟိုပန် စသည့် ဒေသများတွင် ဝ’ တပ်သားများက ယခုအခါ စစ်ဆေးမေးမြန်းမှုများ တင်းကျပ်လာသည်။
“အဓိက သူတို့ဆီမှာ သတင်းထောက်တွေ ဘာတွေ ဝင်အောင်းမှာလည်း စိုးရိမ်တယ်လေ။ အရင်တုန်းကဆိိုရင် အဝင်အထွက်ဆို လူတယောက်ကို ဘာမှတိတိကျကျ စာရင်းတွေဘာတွေ ပေးစရာ မလိုဘူး။ အခုဆို မရဘူး။ သူငယ်ချင်း ရှိတယ်၊ အမျိုးတွေ ရှိတယ်။ ဘယ်သူဆိုတာ သေချာပြောရတာ” ဟု မျက်မြင်သက်သေတဦးက ပြောသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စအတွက် ဝ’ ခေါင်းဆောင်ပိုင်းက ယခုထိ မည်သို့တုံ့ပြန်ရမည်ကို ညှိနှိုင်း၍ မရသေးသော်လည်း အောက်ခြေတပ်မှူးအချို့က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
“အပေါ်က ဝ’ လူကြီးတွေကသာ ဟိုလိုလိုဒီလိုလို ဖြစ်နေကြတာ။ အောက်က တပ်မှူး၊ တပ်ရင်းမှူးတွေက ပြောပြီးပြီလေ။ အပေါ်က အမိန့်ပေးစရာ မလိုဘူး။ အကုန်လုံးက သေနတ်မောင်း တင်ပြီးသားပဲ ဆိုတာ” ဟု သူက ပြောသည်။
အင်အား ၃ သောင်းခန့် ရှိမည်ဟု ခန့်မှန်းရသော UWSA ဝ' တပ်ဖွဲ့ကို မြန်မာ့တပ်မတော်၏ အုပ်ချုပ်မှုအောက် ထားရှိရန် နေပြည်တော်က ပြီးခဲ့သည့် သြဂုတ်လကတည်းက စတင်ကမ်းလှမ်းလာခဲ့သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO၊ ကိုးကန့်တပ်ဖွဲ့ ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့ - MNDAA၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့ - NDAA နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA အဖွဲ့များသည် နယ်မြေချင်း ထိစပ်နေကာ မဟာမိတ်များအဖြစ်လည်း ဖွဲ့စည်းခဲ့ပြီး၊ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ကမ်းလှမ်းခံထားကြရသည်။
ယခုလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၄ ရက်ကြာ အစည်းအဝေးတရပ်တွင် မိုင်းလားတပ်ဖွဲ့မှ ဒုဥက္ကဋ္ဌ ခွန်ဆန်လူ၊ ဥက္ကဋ္ဌ စိုင်းလင်း၏ သားကြီး စိုင်းလုံ (ခေါ်) စိုင်းထိန်လင်းနှင့် စစ်ဦးစီးချုပ် လော်ဆန်းပေါဝ်းတို့ ပါဝင်ပြီး UWSA ဒုဥက္ကဋ္ဌ ကျောဝ်မီလျန်၊ ဒုဥက္ကဋ္ဌ (၂) ကျောက်ကော်အန်း၊ စစ်ဦးစီးချုပ် ကျောဝ်ကျုံးသန်းတို့နှင့် ဆွေးနွေးခဲ့သေးသည်။