နိုဝင်ဘာလလယ် တန့်ယန်းမြို့ တွေ့ဆုံဆွေးနွေးပွဲ၌ နအဖ၏ ထပ်မံ ဖိအားပေးခြင်း ခံရအပြီး နှစ်ဘက်သဘောတူညီမှု မရရှိဘဲ လိပ်ခဲ တည်းလည်း ဖြစ်လာသည့်နောက်ပိုင်း ယခုအခါ မိုင်းလား နှင့် ၀ တပ်ဖွဲ့ တပ်မှူး/အရာရှိများအကြား ‘ပျားအုံကို ဒုတ်နဲ့ ထိုးရဲရင် ထိုးစမ်းကြည့်’- ဟူသော စိန်ခေါ်သံများ ထွက်ပေါ်နေကြောင်း ထိုင်းနယ်စပ် သတင်းဆိုပါသည်။
“နယ်ခြားစောင့်တပ် ဆိုတဲ့အမည်ကိုတော့ မူအားဖြင့် လက်ခံတယ်၊ အဲ့ဒါကျနော်တို့ဘက်က အလျှော့ပေးလိုက်တာဘဲ။ သူတို့ဘက်က အလျှော့မပေးဘဲ တဆင့်တိုး အကြပ်ကိုင်လာရင် ‘ပျားအုံကို ဒုတ်နဲ့ထိုးချင်လဲ စမ်းကြည့်ပေါ့’- ဟု ကြံးဝါး သံများ ထွက်ပေါ်နေကြောင်း မိုင်းလားတပ်မှူးတဦး၏ စကားကို ကိုးကားသည့် ဆိုစ့်က ပြောပါသည်။
ပန်ဆန်း ၀ ဌာနချုပ်၌ နိုဝင်ဘာ ၁၈ - ၂၁ ရက်နေ့အထိ ၄ ရက်ကြာကျင်းပသည့် UWSA – NDAA ထိပ်သီး အစည်းအဝေး သို့ မိုင်းလားတပ်ဖွဲ့မှ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဥက္ကဌ စိုင်းလင်း၏ သားကြီး စိုင်းလုံ (ခေါ်) စိုင်းထိန်လင်း နှင့် စစ်ဦးစီးချုပ် လော်ဆန်းပေါ၀်းတို့ တက်ရောက်ကြကြောင်း - သိရ၏။
၀ နှင့် မိုင်းလားတပ်ဖွဲ့ ၃ - ၄ ရက်ကြာ အစည်းအဝေး၌ မိမိတို့နှစ်ဖွဲ့နယ်မြေကိုအထိမခံ ၀ိုင်းဝန်းကာကွယ်ကြရန် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခင်ကထက် သွေးစည်းညီညွှတ်မှု ခိုင်မာရေးအတွက် သဘောတူဆုံးဖြတ်ခဲ့ သည်ဟုဆို၏။ “ဗမာစစ် တပ်တွေ အပစ်ရပ်နယ်မြေအတွင်း နယ်ကျွံဝင်လာရင်တော့ တွေ့ကြသေးတာပေါ့ ” - ဟုလည်း တပ်မှူးအချို့ ပြောဆိုနေ ကြကြောင်းသိရသည်။
မိုင်းလား နှင့် ၀ တပ်ဖွဲ့ အရာရှိ/တပ်မှူးများ နအဖတပ်အပေါ် ကြံုးဝါးကြခြင်းသည် တိုင်းချုပ်ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောစကားကို ချေပလိုသောကြောင့် ဖြစ်သည်ဟု ဆို၏။
နိုဝင်ဘာ ရ ရက် ကျိုင်းတုံရောက်စဉ် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က တြိဂံစစ်တိုင်းရုံး၌ပြောကြားခဲ့ သည်မှာ -
၁။ အပစ်ရပ်များသည် ခန္ဓာကိုယ်သာရှိပြီး ခေါင်းမရှိ။
၂။ တရုတ်နယ်စပ် အပစ်ရပ်များလည်း ဗမာပြည် ကွန်မြူနစ်ပါတီ မှ ပုန်ကန်ခွဲထွက်သည့် သစ္စာဖေါက်များဖြစ်သည်။
၃။ ဤလက်နက်ကိုင်တပ်ဖွဲ့များသည်တိုင်းပြည်ကို ဖြိုခွဲဖျက်ဆီးသည့် အဖျက်အမှောင့် အကြမ်းဖက်သမားဘဝမှ လာကြသူများဖြစ်သည်။
၄။ ၎င်းတို့သည် မူးယစ်ဆေးဝါး ဂိုဏ်းများသာ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုပြီး ချိန်မှစ၍ အပစ်ရပ်ငြိမ်းအဖွဲ့များ သက်တမ်းလုံးဝ ကုန်ဆုံးပြီ ဟု ပြောဆို၏။
“အပစ်ရပ်တွေဆိုရင် သူတို့မျက်နှာမပြောနဲ့ သူတို့ကားနံပါတ်တောင် မမြင်ချင်ဘူး” - ဟု ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောသည်ကိုကြားဖူးသဖြင့် အပစ်ရပ် အသိုင်းအဝိုင်းတို့ ဒေါသထွက်ခဲ့ကြသည်ဟု သိရသည်။
“သေနတ်သံ ညံနေတဲ့နယ်မြေကို အိုးစည်သံ ဗုံမောင်းသံဖြစ်လာအောင် ကျုပ်တို့ စွမ်းဆောင်နိုင်ခဲ့တယ်။ငိုယိုသံ တွေကြား ပျော်ရွင်ကြည်နူးတဲ့ သီချင်းသံပျံ့လွှင့်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ မငြိမ်မသက်ဖြစ်နေတဲ့နယ်မြေကို ဖွံ့ဖြိုးတိုးတက် တဲ့့ဒေသ ဖြစ်လာအောင် ကျုပ်တို့ခေါင်းဆောင်တွေ စွမ်းဆောင်နိုင်ခဲ့တယ်။ကျူးကျော်ရေးသမား လက်အောက်ခံ တိုင်းပြည် ဘဝ ပြန်သွားဖို့ ကျုပ်တို့အဖြစ် မခံနိုင်ဘူး။ အသက်နဲ့ရင်းပြီး ကာကွယ်မှာဘဲ” - ဟု မိုင်းလားတပ်ဖွဲ့ကြား ပြောဆိုနေကြ ကြောင်း လည်း သိရ၏။
ပန်ဆန်းပြန် ခေါင်းဆောင်ပိုင်းများက တပ်မဟာ (၈၉၆၊ ၉၁၁၊ ၃၆၉) သုံးခုမှ တပ်မဟာမှူး တပ်ရင်းမှူး နှင့်အရာရှိများ အား အစည်းအဝေးခေါ်ယူပြီး နိုဝင်ဘာ ၂၃-၂၄ ရက်နေ့၌ ပြန်လည်ဆွေးနွေးဖလှယ် ရဲဆေးတင် ခဲ့ကြကြောင်းသိရ သည်။