အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ပညာပေးဆွေးနွေးပွဲ တရုတ်နယ်စပ်တွင် ကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ပညာပေးဆွေးနွေးပွဲ တရုတ်နယ်စပ်တွင် ကျင်းပ
နိုင်ငံတကာ အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုများပပျောက်ရေးနေ့ ကျရောက်သည့် နိုဝင်ဘာ (၂၅)ရက်နေ့၌ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှပပျောက်ရေး ပညာပေးဆွေးနွေးပွဲ တစ်ခုကို တရုတ်နယ်စပ်တွင် ကျင်းပ ...

နိုင်ငံတကာ အမျိုးသမီးများအပေါ်  အကြမ်းဖက်မှုများပပျောက်ရေးနေ့ ကျရောက်သည့် နိုဝင်ဘာ (၂၅)ရက်နေ့၌ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှပပျောက်ရေး ပညာပေးဆွေးနွေးပွဲ တစ်ခုကို တရုတ်နယ်စပ်တွင်ကျင်းပ ပြုလုပ်သည်။

ယခုဆွေးနွေးပွဲကို တရုတ်နယ်စပ်ရှိ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဖွဲ့ဝင်များကဦးဆောင်ကျင်းပခဲ့ကာ နယ်စပ် တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံဒေသအသီးသီးမှ အမျိုးသမီး/အမျိုးသား ၂၀ ကျော်ခန့် တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နေရာဒေသအလိုက်  အမျိုးသမီးများ ကြံုတွေ့ခံစားနေရသော အကြမ်းဖက်မှုပုံသဏ္ဍန် အမျိုးမျိုးမှ ပပျောက်စေရန် နှင့် အကြမ်းဖက်မှုများကို ကျူးလွန်သူ အမျိုးသားများ နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အကြမ်းဖက်ခံရတဲ့ ပုံစံတွေအမျိုးမျိုးရှိပါတယ် လိင်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ နေရတာ တွေရှိတယ် နိုင်ငံရေးမှာပါ၀င်မှုကြောင့် အကြမ်းဖက်ခံထားရတာတွေရှိတယ် အဲဒီအကြမ်းဖက်မှုတွေကနေပပျောက် အောင် နအဖကိုလည်းတောင်းဆိုပါတယ် အကြမ်းဖက်တဲ့အမျိုးသား အနည်းငယ်တော့ရှိတာပေါ့ သူတို့ကလည်း ဒါတွေဟာ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်တဲ့အပြုအမူတွေပါလား ဆိုတာ သိအောင်လို့ပေါ့နော် နိုင်ငံတကာမှာလည်း ချီတက်ပွဲတွေ အခမ်းအနားတွေလုပ်ကြတာပေါ့နော် ” လို့ သူကပြောသည်။

နိုင်ငံတကာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု့များ ပပျောက်ရေးနေ့ ဖြစ်ပေါ်လာရသည့် အကြောင်းအရင်း အမျိုးသမီးများအကြမ်းဖက်ခံရသည့် ပုံသဏ္ဍန်အမျိုးမျိုးတို့ကို အဆိုပါ အဖွဲ့ဝင်အမျိုးသမီးများ က အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲလာသူများက တရုတ်နိုင်ငံတွင်အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ပြည်တွင်းနိူင်ငံရေးစီးပွားရေးအခြေအနေများ အမျိုးသမီးများအကြမ်းဖက်ခံရသည့်အခြေအနေများအား ယနေ့ညနေပိုင်းအထိ အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

“ ခွဲခြားဆက်ဆံခံရတာတွေ အများကြီးရှိတယ်ပေါ့နော် ဒါပေမဲ့လည်း ကိုယ့်နိုင်ငံထဲမှာနေတာထက်စာရင် ဒီမှာက
အများကြီးကောင်းတယ် ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ကို ကောင်းလာစေချင်တယ် ညီညွတ်စေ ချင်တယ် လွပ်လပ်ခွင့်တွေရစေချင်တယ် ဒီလိုဖြစ်မှပဲ ကျမတို့ဘဝတွေကလည်း ကောင်းလာတော့မှာပါ ” လို့ ဆွေးနွေးပွဲလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

တရုတ်နယ်စပ်တွင် အမျိုးသမီးများ ခွဲခြားဆက်ဆံမှုနှင့် ရောင်းစားခံရခြင်းများရှိနေကြောင်း စောစောက တာဝန်ရှိ သူက ဆက်ပြောသည်။

“လုပ်အားခမတူညီဘူး အမျိုးသားကလုပ်အားခတစ်မျိုး အမျိုးသမီးကလုပ်အားခတစ်မျိုး နောက်အမျိုးသမီးတွေဒီမှာရောင်းစားခံနေရတာတော့ အတော်များများရှိတယ် မိသားစုတွေကြားထဲမှာ အိမ်တွင်းအကြမ်းမှုတွေလည်းနေရာတကာမှာရှိပါတယ် အမျိုးသမီးကကိုယ်ဝန်ရှိတယ် ကလေးမီးဖွားစရိတ်ရှာမပေးပဲ အရက်သွားသောက်တာတို့ ပြီးလို့ရှိရင် ဒီကိုယ်ဝန်ကသူ့ကိုယ်ဝန်မဟုတ်ဘူးတို့ အဲလိုမျိုးတွေအမြဲတမ်းကြားနေရတယ် ရန်ဖြစ်တာတွေ ရိုက်တာတွေကတော့ ရှိနေတာပဲ ” လို့ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အကြမ်းဖက်မှုများပပျောက်စေရန် ရေးသားထုတ်ဝေထားသော ဖဲကြိုး ဖြူလေး တတ်ရအောင်နှင့် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနေ့ လက်ကမ်းစာစောင် များ ကိုလည်း ဖြန့်ဝေခဲ့ကြသည်။

၁၉၉၉ ဒီဇင်ဘာ ၁၇ ရက်နေ့တွင်ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ် ၅၄ ၊ ၁၃၄ အရ နိုဝင်ဘာ ၂၅ ရက်နေ့ ကို နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။