နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရအတွက် ၂၀၁၀ ရွေးကောက်ပွဲသည် စီးပွားရေးပိတ်ဆို့မှု အခန်းကဏ္ဍထက် ပိုမိုအရေးပါနေသဖြင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပြောဆိုလိုက်သည်။
အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နအဖ ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ယခုလ ၁၁ ရက်နေ့တွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးတင်ပြခဲ့ပြီးနောက် ရက်သတ္တ နှစ်ပတ်ခန့် ကြာမြင့်လာသော်လည်း တစုံတရာ တုံ့ပြန်မှု မပြသသည့်အပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲဟာ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းရေးတို့ထက် ပိုအရေးကြီးနေလို့ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံမျိုးနဲ့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် သူတို့အတွက် သိပ်ပြီးတော့ အကျိုးရှိမယ်လို့ ထင်မှာမဟုတ်ဘူး။ ဒီအခြေအနေကိုထောက်ရင် တွေ့ဆုံဆွေးနွေးပွဲဆိုတာက မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေမယ့် တော်တော်အချိန်ဆွဲထားပြီးကာမှ ဖြစ်လိမ့်မယ်။ တခါတည်း ဗြုန်းစားကြီး ပေါ်ပေါက်လာလိမ့်မယ်လို့တော့ မထင်ဘူး” ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။
''စီးပွားရေးပိတ်ဆို့မှုကြောင့် အခက်အခဲတွေရှိပေမယ့် အဲဒါက ငွေရေးကြေးရေးနဲ့ ချိန်တွက်ကြည့်ရင် ပြဿနာ သိပ်မရှိဘူး။ ရင်းနှီးမြှုပ်နှံမှုတွေကလည်း တရုတ်တို့၊ အိန္ဒိယတို့၊ အာဆီယံတို့လည်း ရှိနေတဲ့အခါကျ ပိတ်ဆို့မှုက အကြောင်းမထူးလှဘူး။ ပိတ်ဆို့မှုရဲ့ ပြဿနာက စီးပွားရေး ပြဿနာက နည်းနည်းရယ်။ တကယ့်က လူတော မတိုးဘူးဗျာ။ ကမ္ဘာနဲ့ဆက်ဆံရာမှာ အဟန့်အတားတွေ ဖြစ်နေတဲ့အတွက် ဒါကို ရုပ်သိမ်းပေးစေချင်တဲ့ သဘော ဖြစ်တယ်။ သို့သော် ရွေးကောက်ပွဲနဲ့ ယှဉ်လိုက်တဲ့အခါ ရွေးကောက်ပွဲက ပိုအရေးကြီးနေတယ်ဗျ'' ဟု သူက ဆိုသည်။
ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း အန်အယ်ဒီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ ရလဒ်ကောင်း ပေါ်ထွက်လာရန် မျှော်လင့်ထားသော်လည်း မည်သည့်အချိန်တွင် တုံ့ပြန်လာမည်ကို မခန့်မှန်းနိုင်ကြောင်း မဇ္စျိမကို ပြောဆိုသည်။
အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများ လျော့ပါးသက်သာရေးအတွက် သူမအနေနှင့် ကူညီဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ပေးပို့ခဲ့သေးသည်။
စာထဲတွင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူရေး မူဝါဒများနှင့် အကျိုးဆက်များကို ရှာဖွေရန် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်တို့ကို တွေ့ဆုံခွင့် တောင်းဆိုခဲ့ရာ အောက်တိုဘာ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။
တွေ့ဆုံပွဲတွင် ၎င်းနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု ရပ်တည်ချက်များ၊ အရေးယူမှု ပြုလုပ်သည့် အရာများ၊ ထိုအရေးယူမှုများ၏ သက်ရောက်မှု စသည်တို့ကို မေးမြန်းနိုင်ခဲ့သည်။
ပေးစာကို တုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာ လဆန်းတွင် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က သူမကို နှစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။ ထို့အပြင် အောက်တိုဘာလ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဆိုင်ရာ အမေရိကန် သံတမန်ကြီးနှင့် တွေ့ဆုံခွင့်ရခဲ့ပြန်သည်။
ထို့နောက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း ဟူသည့် ပေးစာကို ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူကာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာထဲတွင် နိုင်ငံတော်အတွက် အခြား အကျိုးကျေးဇူးရှိမည့် လုပ်ငန်းများကိုလည်း ကျမအနေဖြင့် နအဖ နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံတင်ပြခွင့်ပြုပါရန် အထူးမေတ္တာရပ်ခံအပ်ပါကြောင်း ပါရှိသည်။
လွန်ခဲ့သည့် ၂ လအတွင်း ပေါ်ပေါက်လာသည့် ဤဖြစ်စဉ်များသည် အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲများ ပြုလုပ်သွားမည်ဟု ထုတ်ဖော်ပြောဆိုမှုများနောက်ပိုင်း မကြာခင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင်မူ အမေရိကန်က စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံသွားမည်ဖြစ်ပြီး လက်ရှိ ပိတ်ဆို့အရေးယူမှုများကို ဆက်ထားမည့်အပြင် တရုတ်နှင့် အိန္ဒိယ အပါအဝင် ဒေသဆိုင်ရာ နိုင်ငံများနှင့်ပါ မြန်မာပြည်တွင်း အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ကြေညာခဲ့သည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက် အတွင်းရေးမှူး ကာ့တ် အမ် ကမ့်ဘဲလ် Kurt M. Campbell ကလည်း စစ်အစိုးရ ကျင်းပမည့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများကို လေ့လာ အကဲဖြတ်နိုင်မှု၊ အတိုက်အခံနှင့် တိုင်းရင်းသားအဖွဲ့များ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့် ရှိမရှိတို့အပေါ် မူတည်ပြီး အမေရိကန်က တိုင်းတာချဉ်းကပ်မှုများ ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့သည်။
ဦးဝင်းတင်က ''ဒီ ရွေးကောက်ပွဲက သူတို့အတွက် အာမခံချက်နဲ့လုပ်မယ့် ရွေးကောက်ပွဲဗျ။ ၂ဝဝ၈ အခြေခံဥပဒေအတိုင်း ၂ဝ၁ဝ ကို လုပ်မယ်။ နောက်ပေါ်ပေါက်လာမယ့် လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာကိုလည်း ဒီ ဥပဒေနဲ့ ချုပ်ကိုင်ထားမှာဆိုတော့ သူတို့ရဲ့ စစ်အာဏာစက်ဟာ နောက်ထပ် နှစ်ပေါင်းများစွာ အုပ်ချုပ်သွားနိုင်ဖို့ အာမခံထားတဲ့၊ ကာကွယ်ပေးထားတဲ့ အခြေခံဥပဒေဗျာ'' ဟု ပြောသည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)