လူ့အခွင့်အရေး ချိုးဖောက်မှု အခိုင်အမာ ရှိနေဟု NCGUB ပြော

လူ့အခွင့်အရေး ချိုးဖောက်မှု အခိုင်အမာ ရှိနေဟု NCGUB ပြော
by -
နန်းဒေဝီ
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ကျမသွားသည့်အပြင် အခိုင်အမာ တည်ရှိနေဆဲဖြစ်ကြောင်း NCGUB ခေါ် အဝေးရောက် ညွန့်ပေါင်းအစိုးရက ယခုနှစ်တွင် ထုတ်ပြန် ...

နယူးဒေလီ (မဇ္စျိမ)။       ။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ကျမသွားသည့်အပြင် အခိုင်အမာ တည်ရှိနေဆဲဖြစ်ကြောင်း NCGUB ခေါ် အဝေးရောက် ညွန့်ပေါင်းအစိုးရက ယခုနှစ်တွင် ထုတ်ပြန်သည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာက ဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နှစ်စဉ် တင်သွင်းလေ့ရှိရာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွက် ပြုစုထားသည့် ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာကို မကြာသေးခင်က ကျင်းပခဲ့သည့် ၆၄ ကြိမ်မြောက် ကုလ ညီလာခံသို့ တင်သွင်းခဲ့သေးသည်။

အစီရင်ခံစာတွင် ပါရှိသည့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများ၊ မှတ်တမ်းများနှင့် အချက်အလက်များသည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေး လွယ်ကူသည့် ထိုင်း-မြန်မာ နယ်စပ်မှတဆင့် NCGUB လက်အောက်ရှိ လူ့အခွင့်အရေး မှတ်တမ်းဌာန - HRDU က ရယူစုဆောင်းခြင်း ဖြစ်သည်။

“နှစ်စဉ် အစီရင်ခံစာ ထုတ်တာက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ကမ္ဘာကသိအောင် အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွေမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ အထောက်အကူဖြစ်အောင် ထုတ်ပါတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္စျိမကို ပြောသည်။

“ကုလသမဂ္ဂမှာ မြန်မာပြည်အကြောင်းပြောရင် လူ့အခွင့်အရေး အခြေအနေကိုပဲ ပြောတယ်။ လူ့အခွင့်အရေး ကိစ္စက အရေးကြီးတယ်။ ကျန်တဲ့ကိစ္စက သိပ်တင်လို့ မရဘူး။ ဒါကြောင့် အစည်းအဝေး မတိုင်ခင် တလကြိုထုတ်နိုင်အောင် ကျနော်တို့ ကြိုးစားလုပ်တယ်။ စာအုပ်ကို ကျနော်တို့ mission တွေ လုပ်တဲ့သူတွေကို ပေးတယ်။ လော်ဘီနဲ့ ထောက်ခံအားပေးမှုရအောင် ကျနော်တို့ လုပ်ပါတယ်” ဟု သူက ဆက်ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ကာ စာအုပ်ပုံစံမှ အစီအရင်ခံစာ (စီဒီ) ပုံစံသို့ ပြောင်းလဲထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံတွင် အခြေခံ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို စနစ်တကျ ချိုးဖောက်ခံနေရကြောင်းနှင့် ထို့အတွက် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချထားသည့် အချက်ပေါင်း ၃ဝ ပါ ဆုံးဖြတ်ချက် (မူကြမ်း) ကို ယခုနှစ် ကုလ ညီလာခံက အတည်ပြုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို မျှတစွာ ဆောင်ရွက်ရန်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ကိုက်ညီစေရေးအတွက် စိစစ်ရန်နှင့် တိုင်းရင်းသားအဖွဲ့များ၊ ဒီမိုကရေစီ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန်လည်း တောင်းဆိုခဲ့သည်။

ကုလ ညီလာခံ၏ ဆုံးဖြတ်ချက် (မူကြမ်း) ကို NCG ဝန်ကြီး ဒေါက်တာ တင့်ဆွေက ကြိုဆိုလိုက်ပြီး၊ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ထွက်ပေါ်လာစေရန် ခြေလှမ်းသစ်ဖြစ်ကြောင်း ပြောဆိုသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီကို ဦးတည်လာနေတယ်။ အဲလိုဖြစ်လာမယ်ဆိုရင် လူ့အခွင့်အရေး တိုးတက်မှုအတွက် တစုံတရာ အထောက်အကူပြုနိုင်စရာ ဖြစ်လာစေနိုင်တယ်လို့ မျှော်လင့်တယ်။ ကောင်းမွန်တဲ့ ခြေလှမ်းတခု ရှေ့ရောက်လာတယ်လို့ ပြောနိုင်ပါတယ်။ အောင်မြင်မှုတခုလို့ ပြောဖို့က စောနေပါသေးတယ်” ဟု သူက ပြောသည်။

မူကြမ်းကို ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ မဲဖြင့် ကုလညီလာခံက အတည်ပြုခဲ့ရာ၊  ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း မြန်မာကိုယ်စားလှယ် ဦးသန်းဆွေက မူကြမ်းကို ကန့်ကွက်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ရန် ရည်ရွယ်ဆုံးဖြတ်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Most read this week