ထောင်ဒဏ် ၁၀၆ နှစ်ကျခံရသူ အပစ်ရပ် SSA နာယက ပုံမှန် ဆေးစစ်ခွင့်မရ

ထောင်ဒဏ် ၁၀၆ နှစ်ကျခံရသူ အပစ်ရပ် SSA နာယက ပုံမှန် ဆေးစစ်ခွင့်မရ
ခမ္တီးထောင်၌ ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရသူ SSA အပစ်ရပ် ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့် ပုံမှန်ဆေးစစ်ခွင့် မရကြောင်း မိသားစုဝင်တဦး၏ ပြောပြချက်အရ သိရပါ ...

ခမ္တီးထောင်၌ ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရသူ SSA အပစ်ရပ် ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့် ပုံမှန်ဆေးစစ်ခွင့် မရကြောင်း မိသားစုဝင်တဦး၏ ပြောပြချက်အရ သိရပါသည်။

“ပုံမှန်ဖြစ်နေတဲ့ရောဂါက မျက်စိကတိမ်ဖုံးတယ် အနီ အစိမ်း အဝါ ခွဲလို့မရဘူး၊ မိုးတွင်းတလျှောက်လုံးခံလာရတာက ငှက် ဖျားရောဂါ၊ ဂျူလိုင်လတုန်းက စဖြစ်တယ်။ အသည်းအသန်ဖြစ်ချိန်က စိုးရိမ်အဆင့် ၂ လို့ပြောတာဘဲ၊ နောက်ပိုင်း ပုံမှန် ဆေးစစ်ခွင့် မပေးတော့ဘူး” - ဟု ထောင်ဝင်စာသွားတွေ့လာသည့် သမီးဖြစ်သူ ခမ်းပေါ၀်း ကပြောပါသည်။

ယခုလ ၁၅ ရက် မှ ၂၂ ရက်အထိ စစ်ကိုင်းတိုင်းအထက်ပိုင်း ခမ္တီးထောင်၌ ကျခံနေရသူ ဗိုလ်ချုပ်ဆေထဲန်အား သမီးဖြစ်သူ နန်းခမ်းပေါ၀်း နှင့် မိခင် (ဗိုလ်ချုပ်ဆေထဲန်၏ ဇနီး) တို့နှစ်ဦး ထောင်ဝင်စာသွားတွေ့ခဲ့ကြောင်း သိရပါသည်။

“ကျမတို့ ခမ္တီးမှာ ၅-၆ ရက်နေရပေမဲ့ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်ပိုင်း ၁ နာရီကျမှ ၄၅ မိနစ်လောက်ဘဲ အဖေ နဲ့တွေ့ခွင့်ရတယ်။ ဘာမှ ပြောဆိုတိုင်ပင်ခွင့်မရဘူး။ အဖွဲ့အစည်းအကြောင်းမပြောနဲ့ မိသားစုအရေးတောင်ဘာမှ မပြောပြလိုက်ရဘူး၊ ခရီးတခေါက်သွားရင် မယုတ်မလွန် ၂ ခါ ၃ ခါလောက်ပေးတွေ့ရင် ကောင်းတာပေါ့” - ဟု သမီးဖြစ်သူ က ဆက်ပြော ပြ၏။

လူတယောက်အတွက် ရန်ကုန် - ခမ္တီး အသွားအပြန်  တသိန်းခွဲကုန်ကျသောကြောင့် ဗိုလ်ချုပ်ဆေထဲန်အား မိသားစုဝင် များ တလတခါသွားတွေ့ရန် ခက်ခဲကြောင်း၊ “ခြောက်လ ခုနှစ်လမှ တကြိမ်သွားလို့ ရတယ်၊ ဘာဘဲဖြစ်ဖြစ်အဖေက အပြစ်ရှိတာမဟုတ်ဘူး၊ အဖေ့က အသက်ကြီးပြီလေ၊ အဖေအပါအဝင် ဒေါ်စုနဲ့ သျှမ်းခေါင်း ဆောင်တွေ၊နိုင်ငံရေး အကျဉ်း သားတွေအားလုံး လွတ်ငြိမ်းချမ်းသာခွင့် မြန်မြန်ရပါစေလို့ဘဲဆုတောင်းတယ်” - ဟုနန်းခမ်းပေါ၀်း က သျှမ်းသံတော်ဆင့် သို့ ပြော၏။

ထို့အတူ သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကလည်း အပစ်ရပ်မြောက်ပိုင်း SSA အား ဒေသကာကွယ်ရေးတပ် HGF (Home Guard Force) အဖြစ် ဒီဇင်ဘာ နောက်ဆုံးထား အသွင်ပြောင်းရန် စစ်အစိုးရက ဗိုလ်ချုပ်ဆေထဲန့် လွတ်မြောက်ရေး နှင့် အပေးအယူကမ်းလှမ်းထားကြောင်း၊ ဗိုလ်ချုပ်ဆေထဲန့်အတွက် ယခုလဆန်းမှစ၍ SSA-N  ဌာနချုပ်က ဆိုင်ကျော့ဝ် တွင် အိမ်အကောင်းစားတလုံးကြီးစဆောက်လာကြောင်း ဆို၏။

“အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ဘာမှမသိပါဘူး၊ အဖေနဲ့တွေ့တဲ့အချိန်ကလဲ နည်း နည်းဘဲဆိုတော့ အခြားကိစ္စဘာမှ မပြောဖြစ်ဘူး” - ဟု သမီးဖြစ်သူက ပြောပြသည်။

၂၀၀၅ နှစ်ဆန်းပိုင်းတွင် မြန်မာစစ်တပ်မှ သျှမ်းပြည်အတိုင်အပင်ခံကောင်စီဖွဲ့စည်းရန်ကိစ္စအကြောင်းပြု ၍ ဗိုလ်ချုပ်ဆေထဲန်၊ SNLD ဥက္ကဌ စဝ်ခွန်ထွန်းဦး နှင့် သျှမ်းခေါင်းဆောင် ရ ဦးအား နိုင်ငံတော်ပုန်ကန်မှုပြည်ထောင််စုမှ ခွဲထွက်ရန် ကြံစည်မှုနှင့် အခြားအမှုပေါင်းများစွာ စွပ်စွဲပြီးဖမ်းဆီးထောင်ချခဲ့သည်။ ဗိုလ်ချုပ်ဆေထဲန့်အား ထောင်ဒဏ် ၁၀၆ နှစ် စဝ်ခွန်ထွန်းဦးအား ၉၃ နှစ်၊SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ၈၅ နှစ်နှင့်အခြားခေါင်းဆောင် များအားလည်း အနည်းဆုံးထောင် ဒဏ် ရ၅ နှစ်ပြစ်ဒဏ်ပေးခဲ့သည်။