သံဖြူဇရပ်မြို့နယ်၊ သက်ကော့ကျေးရွာနှင့် ဝယ်ဝင်ကရာကျေးရွာကြား ဂတ်စ်ပိုက်လိုင်းပေါက်ကွဲပြီးနောက်ပိုင်း ထိုဒေသတဝိုက်မှာ လုံခြံုရေးတင်းကျပ်ထားသည်ဟု သိရသည်။
ထိုဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုမှာ မွန်လက်နက်ကိုင်အဖွဲ့စည်းတို့၏ လက်ချက်ဖြစ်ကြောင်း မြန်မာစစ်အစိုးရတို့က စွပ်စွဲပြောဆိုထားသည်။
“ယမန်နေ့က သံဖြူဇရပ်မှာ စစ်ဆေးမှုတွေရှိနေပါတယ်၊ ဒေသခံတွေပြောတကတော့ ဂတ်စ်ပေါက်ထားလို့တဲ့၊ စစ်တဲ့နေရာကလည်း ကျိုက်ခမီသွားတဲ့လမ်း ရထားလမ်းနေရာမှာ ဖြစ်တယ်” ဟု အစစ်ဆေးခံထားရသူတစ်ဦးက ပြောသည်။
၄င်းပေါက်ကွဲမှုကလည်း ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုမဟုတ်ဘဲ ဗုံးဖြင့် ဖောက်ခွဲခံထားရသည်ဟုလည်း မြန်မာစစ်တပ်တို့က ဒေသခံတို့ကို ပြောဆိုထားသည်။
“သူတို့ပြောတာကတော့ ဗုံးကြောင့် ဂတ်စ်ပိုက်လိုင်းက ပေါက်တာတဲ့ ဒါပေမယ့် ဘယ်သူမှ အတိအကျမသိဘူး၊ ကျနော်တို့က ဘာမှမသိဘူး၊ တချို့လူတွေကလည်း ဗုံးပေါက်တာပဲလို့ပြောနေကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသံကတော့တော်တော်ကျယ်တယ်” ဟု ထိုဂတ်စ်ပေါက်ကွဲရာနေရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုအရှိန်ပြင်းထန်သည့်အတွက် ပိုက်လိုင်းတစ်တောင်ခန့်ပေါက်ကွဲသွားပြီး မြေအောက်သုံးတောင်လောက် ချိုင့်ဝင်သွားသည်ဟု သိရသည်။
“ဒီတခါ ဂတ်စ်ပေါက်တာက ထူးဆန်းတယ်၊ ပေါက်တဲ့ပုံစံကလည်း ဗုံးထိထားတဲ့ပုံပဲ၊ မီးလည်းမထွက်ဘူး၊ ဖြစ်နိုင်တာတခုက သူတို့ဟာ သူတို့ ဖောက်ခွဲပြီးတော့ ကျနော်တို့မွန်တွေအပေါ်အပြစ်ပုံချတာပဲ” ဟု မွန်ပြည်သစ်ပါတီဝင် တစ်ဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီး ပိုက်လိုင်းမှာ စုံရုံးရောက်ရှိလာသည့် ဒေသတွင်း တာဝန်ရှိ စစ်တပ်များနှင့် ရဲတွေက “ဒါဟာ နင်တို့ရဲ့မွန်တွေရဲ့လက်ချက်ဖြစ်တယ်” ဟု အနီးနားရှိ ဒေသခံတွေကို ပြောခဲ့သည်။
“သူတို့ရဲ့ပြောစကားအရဆိုရင် သူတို့က မွန်ပြည်သစ်ပါတီကိုပဲ ရည်ညွှန်းပြီး ပြောချင်တဲ့သဘောပဲ၊ ကျနော်တို့ပါတီကလည်း ဒီလိုကိစ္စမျိုးလုပ်မှာမဟုတ်ဘူး” ဟု ၄င်းက ဆက်ပြောသည်။
ဂတ်စ်ပိုက်လိုင်းကို ပြန်လည်ပြုပြင်ရန်အတွက် မြန်မာစစ်တပ်တို့မှ ဂတ်စ်ပိုက်လိုက်ပေါက်ကွဲသည့်အနီးနားရှိကျေးရွာတွင် ငွေကြေးကောက်ခံနေဟု ဒေသခံတစ်ဦးထံမှ သိရပါသည်။
မြန်မာစစ်အစိုးရတို့သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှာ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြားမှာ ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒီကနေ့ထိပင် ပိုက်လိုင်းလုံခြံုရေးအတွက်ဆိုပြီး ဒေသခံတို့ထံမှ လစဉ်ငွေကြေးကောက်ခံနေသည်။