ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့အကြီးဆုံး ရဲရွာရေအားလျှပ်စစ်စက်ရုံကို လာမည့်လတွင် စမ်းသပ် လည်ပတ်တော့မည် ဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြောသည်။
“ဖွင့်မှာကတော့ တာဘိုင်လေးလုံးထဲက တလုံးပေါ့လေ။ ဒီဇင်ဘာလ အတွင်းမှာဖွင့်မှာ။ နောက်ပိုင်းမှာ တလုံးပြီး တလုံး ဒီလိုပဲ ဖွင့်သွားဖို့ ရှိပါတယ်။ ရက်ကိုတော့ အတိအကျတော့ မသိဘူးလေ။ ဒီဇင်ဘာ နောက်ဆုံးပတ် လောက်တော့ ဖြစ်မယ်ထင်တယ်” ဟု ယင်းဝန်ကြီးဌာန ရေအားလျှပ်စစ်စီမံရေးရာဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်က မဇ္စျိမကိုပြောသည်။
ယင်းဝန်ကြီးဌာန အင်ဂျင်နီယာဌာနခွဲမှ ဝန်ထမ်းအချို့ စီမံကိန်းဖွင့်လှစ်မည့် နေရာသို့ စတင်ရောက်ရှိ နေပြီဖြစ် ကြောင်းလည်း သိရသည်။
မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်ခန့်အကွာ ရဲ-ယမန်း ကျေးရွာအနီး ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်ကို ပိတ်၍ တည်ဆောက်နေသည့် ယင်းစီမံကိန်းကို အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ် (၂) တည်ဆောက်ရေးက တာဝန်ယူထားသည်။
ယင်းစီမံကိန်းသည် အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ကျော်ကုန်ကျပြီး တရုတ်နိုင်ငံ၏ ချေးငွေ သန်း ၂ဝဝ ပါဝင်ကာ ကျန် သန်း ၄ဝဝကျော်ကို နိုင်ငံပိုင်ငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် China International Trust & Investment Co. (CITIC) နှင့် Sinohydro Corporation စသည့် တရုတ်ကုမ္ပဏီများအကြား ၂ဝဝ၄ ခုနှစ်၌ ယင်းစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုပြီး နောက် ပိုင်းတွင် တရုတ်ကုမ္ပဏီ ၅ ခု ထပ်မံ ပူးပေါင်းခဲ့ကြောင်း Burma River Network က ထုတ်ပြန်ထားသည်။
စီမံကိန်း စတင်နိုင်ရေး အတွက် ၂ဝဝဝ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲ တင်သွင်း ခဲ့ပြီး အသေးစိတ် ဒီဇိုင်းထုတ်လုပ်ခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆွစ်ဇာလန်နိုင်ငံ Colenco Power Engineering ကုမ္ပဏီနှင့် ၂ဝဝ၃ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့သည်။
လာမည့်နှစ်တွင် စက်အားလုံးလည်ပတ်နိုင်မည်ဟု လျာထားသော ရဲရွာရေကာတာသည် အလျား ၂၂၆၄ ပေ၊ အမြင့် ၄၃၃ ပေ ရှိ၍ လျှပ်စစ်အား မဂ္ဂါဝပ် ရ၉ဝ ထုတ်နိုင်မည်ဖြစ်သည်။
စီမံကိန်း အပြည့်အဝ ပြီးစီးပါက ကျောက်ဆည်၊ မိတ္ထီလာနှင့် မန္တလေးမြို့များမှတဆင့် ကီလိုဗို့ ၂၃ဝ အားရှိသော ကေဘယ်ကြိုးများ အသုံးပြု၍ တနိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနိုင်မည်ဟု သိရသည်။
အမှတ် (၁) လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန လက်အောက်တွင် အကောင်အထည်ဖော်နေသော ရေအားလျှပ်စစ် စီမံကိန်း အနည်းဆုံး ၁၅ ခု ရှိပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် အသီး သီး တည်ရှိသည်။
အခွင့်အရေးလှုပ်ရှားသူများကမူ ရေကာတာစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု၊ ကျေးရွာ များ ရွှေ့ပြောင်းခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့ကို ထောက်ပြကန့်ကွက်နေကြပြီး ရေကာတာများ ပျက် ဆီးပါက အောက်ပိုင်းရှိ ဒေသများ ရေလွှမ်းမိုးမည့် အရေးကိုလည်း စိုးရိမ်နေကြသည်။
ယခုအချိန်အထိ မြန်မာတနိုင်ငံလုံး၏ စုစုပေါင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏမှာ ၁၆၈၄ မီဂါဝပ်ရှိပြီး၊ စစ်အစိုးရ၏ တရားဝင်စာရင်းဇယားများအရ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်ပမာဏ ကီလိုဝပ် ၆.၆၂ ဘီလီယံကို ထုတ်လုပ်ခဲ့ကြောင်း ဆင်ဝှာသတင်းတပုဒ်က ဖော်ပြသည်။
သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌ လျှပ်စစ်မလုံလောက်သဖြင့် ပြည်သူများ နေ့စဉ် စားဝတ်နေရေးနှင့် စီးပွားရေး လုပ်ငန်းများကို ထိခိုက်လျက်ရှိနေသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)