နယူးဒေလီ (မဇ္စျိမ)။ ။ “ရုပ်ရှင်ကြည့်ချိန် ၂ နာရီအတွင်း တဒင်္ဂ စိတ်ချမ်းသာတယ်ဆိုရင်ပဲ ဟာသကားလေးတွေ ငှားကြည့်ဖြစ်တယ်” ဟု ၅၂ နှစ်အရွယ် အိမ်ထောင်ရှင် ဒေါ်ဝင့်ဝါရွှေ (အမည်ပြောင်း) က ပြောဆိုသည်။ “စိတ်ညစ်၊ စိတ်ဓာတ်ကျသူတွေအတွက်တော့ ဒီလိုပဲ ထင်ပါတယ်” ဟု သူက ရယ်မောကာ ဆက်ပြောသည်။ သူသည် စာပေလောကနှင့် ရုပ်ရှင်မဂ္ဂဇင်းများ ထုတ်ဝေရေး ပိုင်ရှင်လည်း ဖြစ်သည်။
“စိတ်ညစ်တဲ့အခါကျရင် ကျမကိုယ်တိုင် ကလေးတွေကို ဟာသခွေ သွားငှားခိုင်းတယ်။ များသောအားဖြင့်တော့ အိမ်မှာ ရုပ်ရှင်ကြည့်တာ များတယ်။ တခါတလေတော့ ရုံကြီးမှာ ကြည့်ဖြစ်တယ်” ဟု ဒေါ်ဝင့်ဝါရွှေက ဆိုသည်။
၂ဝဝ၈ ခုနှစ်အတွက် ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ကားကြီး ၁၂ ကားထဲတွင် ဒရာမာရုပ်ရှင်ကားပေါင်း ၄ ကားနှင့် ဟာသ ရုပ်ရှင်ကားများ အများဆုံး ပါဝင်သည့် ဗီဒီယိုဇာတ်လမ်းပေါင်းမှာ အနည်းဆုံး ၈ဝဝ ခန့် ထုတ်လုပ်ဖြန့်ချိခဲ့သည်။
ဒရာမာဇာတ်ကားများမှာ ဒါရိုက်တာ မီးပွားရိုက်ကူးသည့် “ကြိုးတန်း” ၊ ဒါရိုက်တာ ညီညီထွန်းလွင်၏ “အများနှင့် မသက်ဆိုင်သောသူ”၊ ဒါရိုက်တာသိန်းတန် (ဖီးနစ်) ရိုက်ကူးခဲ့သည့် “မြင့်မိုရ်ထက်က သရဖူ” နှင့် ဒါရိုက်တာ အိအိခိုင်၏ “ငယ်သူမို့မသိပါ” စသည်တို့ ဖြစ်သည်။
“ကြိုးတန်း” ကိုကြည့်ဖြစ်တယ်။ တံငါသည်ဘဝကို သရုပ်ဖော်ထားတာပေါ့နော်။ လူတော်တော်များများက ကောင်းတယ်ပြောလို့ ကြည့်ဖြစ်တာပါ။ သိတဲ့အတိုင်း ဦးကျော်ဟိန်း သရုပ်ဆောင်တာ နည်းနည်းတော့ Over ဖြစ်တယ်။ ဒါပေမဲ့ ဇာတ်အိမ်က တော်တော်ခိုင်ပါတယ်” ဟု ဒေါ်ဝင့်ဝါရွှေက ဆိုသည်။
ထို ''ကြိုးတန်း'' အမည်ရှိ ရုပ်ရှင်ကားသည် လေးထပ်ကွမ်း အကယ်ဒမီဆုရှင် ဦးကျော်ဟိန်း ရုပ်ရှင်လောကမှ အပြီးအပိုင် မထွက်ခွာမီ ရိုက်ကူးခဲ့သည့် ဇာတ်ကားဖြစ်သည်။
“မြန်မာ့ရုပ်ရှင်က သူများနဲ့ မယှဉ်ရင်တော့ သူ့ဟာသူ ကောင်းနေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ယှဉ်ရင် သရုပ်ဆောင်ပိုင်းရော၊ စက်ပိုင်းဆိုင်ရာကတော့ အထူးပြောနေဖို့တောင် မလိုတော့ပါဘူး” ဟု ဒေါ်ဝင့်ဝါရွှေက သူကြည့်ဖူးသည့် မြန်မာရုပ်ရှင်ဇာတ်လမ်းများနှင့် ကိုးရီးယားဇာတ်လမ်းတွဲများ အကြောင်းကို နှိုင်းယှဉ်ပြောဆိုသည်။
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ သွင် (အဆင့်မြင့်ရုပ်ရှင်ရုံ) တွင် ပြီးခဲ့သည့်နှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများတွင် “အများနှင့် မသက်ဆိုင်သောသူ” ရုပ်ရှင်ဇာတ်လမ်းမှာ လူကြိုက်အများဆုံးနှင့် အခြား ရုပ်ရှင်ဇာတ်ကားများထက် စံချိန်တင် ရုံပြည့်ခဲ့ကြောင်း အဆိုပါ သွင်ရုပ်ရှင်ရုံမှ တာဝန်ကျ ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
“သနားစရာလည်း ကောင်းတယ်၊ ဟာသလေးလည်း ပါတယ်။ ဦးနှောက်သိပ်မကောင်းတဲ့ လူငယ်လေးတယောက်ရဲ့ အကြောင်းကို ရိုက်ထားတာပါ။ ဘဝ သရုပ်ဖော် ဇာတ်လမ်းလေးပေါ့။ ခန့်စည်သူက အဓိက သရုပ်ဆောင်တာပါ။ ဒီ ၄ ကားထဲမှာ ဒီရုပ်ရှင်က အကောင်းဆုံးပဲပေါ့” ဟု သူက ဆိုသည်။
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ မဟာမြိုင် ရုပ်ရှင်ရုံတွင်မူ ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများတွင် ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသည့် ဟာသရုပ်ရှင်ဇာတ်လမ်းများဖြစ်သည့် ဟော့ရှော့ (၂) နှင့် အကယ်ဒမီရှော့တို့ကို လူကြိုက်များကြောင်း သိရသည်။
“ဒရာမာ ဇာတ်ကားထဲက “မြင့်မိုရ်ထက်က သရဖူ” ရုပ်ရှင်ဇာတ်လမ်းကိုလဲ ကြည့်ကြပါတယ်။ သူက မိဘမေတ္တာကို ဖော်ကျူးထားတဲ့ ဘဝသရုပ်ဖော် ဇာတ်လမ်းဖြစ်လို့ လူတော်တော်များများ ကြည့်ကြတယ်” ဟု မဟာမြိုင် ရုပ်ရှင်ရုံ ဝန်ထမ်းတဦးက ပြောသည်။
သို့သော် အကယ်ဒမီတစ်ကြိုပြောဆိုသံများ မကြားရသေးကြောင်း ရုပ်ရှင်ဝါသနာအိုးများက ဆိုသည်။
“စျေးထဲမှာလည်း အကယ်ဒမီကိစ္စ ဘယ်သူမှ ပြောသံတော့ မကြားသေးဘူး။ ကျမပဲ မကြားတာလားတော့ မသိဘူး” ဟု ကျောက်တံတားမြို့နယ်မှ အိမ်ရှင်မ တဦးက ဆိုသည်။
ရုပ်ရှင်အသိုင်းအဝိုင်းတွင်မူ အကယ်ဒမီ ဆုပေးပွဲအကြောင်း စိတ်ဝင်တစားရှိပြီး၊ ကြိုတင်ထင်ကြေးပေးမှုလည်း ရှိသည်။
“ခန့်စည်သူက တစ်ပြေးနေတယ်။ အမျိုးသမီးက ဘယ်သူရမလဲတော့ မသိသေးဘူး။ ထွန်းအိန္ဒြာဗိုကတော့ ဒရာမာ ကားအများဆုံး ရိုက်တယ်” ဟု ရုပ်ရှင်အသိုင်းအဝိုင်းမှ ဝါသနာရှင် တဦးက မဇ္စျိမကို ပြောပြသည်။
၂ဝဝ၅ ခုနှစ် မတ်လမှစတင်ကာ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ အခန်းအနားကို စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် ကြပ်ပြေးတွင် လုံခြံုရေး တင်းကျပ်စွာ ချထားကာ ကျင်းပလာခဲ့သည်။
ယခုနှစ်တွင် ၂ဝဝ၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲအခန်းအနားကို ဒီဇင်ဘာလအတွင်း ကျင်းပသွားမည်ဟု ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းအကြား သတင်းများ ထွက်ပေါ်နေသော်လည်း မသေချာသေးကြောင်း မြန်မာ့ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
သူက “လုပ်မယ်ဆိုရင် အခုချိန်လောက်ဆို သတင်းအစအနတော့ သိရပြီပေါ့ဗျာ။ ခုထိ မသိရသေးဘူးဆိုတော့ ၂ဝ၁ဝ လောက်မှာပဲ လုပ်ဖြစ်မယ် ထင်ပါတယ်” ဟု ပြောသည်။
ယခင်နှစ်များက မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ (ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲ) အခန်းအနား မကျင်းပမီ ရက်သတ္တ ၃ ပတ်ခန့်အလိုတွင် ရုပ်ရှင်နှင့် အနုပညာ အသိုင်းအဝိုင်းများအကြား ကြိုတင် သိခွင့်ရခဲ့သည်။
၂ဝဝ၅ ခုနှစ် ရုပ်ရှင်ထုတ်လုပ် ရုံတင်ပြသခဲ့သော မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်း ၁၅ ကားရှိခဲ့ပြီး၊ ၂ဝဝ၆ ခုနှစ်တွင် ၁၁ ကားနှင့် ၂ဝဝ၇ ခုနှစ်တွင် ရ ကားသာ ရုံတင်နိုင်ခဲ့သည်။
၂ဝဝ၇ ခုနှစ်အတွက် ၅၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရုပ်ရှင်မင်းသား ကျော်ရဲအောင်က ဆွတ်ခူးရရှိခဲ့သည့်အပြင် ဒါရိုက်တာ၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုပေါင်း ၆ ဆုသာ ရွေးချယ်ပေးခဲ့သည်။
သို့သော် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပေးအပ်ခဲ့ခြင်း မရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ (ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲ) ကို ၁၉၅၂ ခုနှစ်မှ စတင်ကျင်းပလာခဲ့ခြင်း ဖြစ်သည်။
(ရဲရင့်အောင် တည်းဖြတ်သည်။)