မြန်မာစစ်တိုင်းမှူးတို့ လေးလပတ် အစည်းအဝေးအတွက် နေပြည်တော်သို့ ရောက်ရှိ

မြန်မာစစ်တိုင်းမှူးတို့ လေးလပတ် အစည်းအဝေးအတွက် နေပြည်တော်သို့ ရောက်ရှိ
by -
ဆလိုင်းပီပီ
မြန်မာနိုင်ငံ စစ်ဒေသအသီးသီးမှ စစ်တိုင်းမှူးများသည် ယခုနှစ်ကုန် လေးလပတ် အစည်းအဝေး တက်ရောက်ရန်အတွက် မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိ ...

နယူးဒေလီ (မဇ္စျိမ)။      ။မြန်မာနိုင်ငံ စစ်ဒေသအသီးသီးမှ စစ်တိုင်းမှူးများသည် ယခုနှစ်ကုန် လေးလပတ် အစည်းအဝေး တက်ရောက်ရန်အတွက် မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိလာကြသည်။

နေပြည်တော်ရှိ စစ်ဘက်နှင့်နီးစပ်သော အသိုင်းအဝိုင်း၏ အဆိုအရ ဤအစည်းအဝေးအတွင်း အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာများ ပြန်လည် ခန့်ထားရေး၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် အနားပေးရေး အပါအဝင် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း အပြောင်းအရွေ့ကိစ္စများကို ဆွေးနွေးမည်ဟု မဇ္စျိမမှ သိရှိရသည်။

ဤဆွေးနွေးပွဲအပြီးတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီတရပ်ကို လည်း စစ်ခေါင်းဆောင်များမှ ဖွဲ့စည်းလိမ့်မည်ဟု မျှော်လင့်ရသည်။ ၎င်းပါတီအား စစ်တပ်၏ အရပ်ဘက် အဖွဲ့အစည်းဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ဦးဆောင်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ကျောထောက်နောက်ခံ ပြုထားမည် ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဤအစည်းအဝေးပွဲမှာ နောက်နှစ် ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးမည်ဖြစ်သဖြင့် တခြား လေးလပတ် အစည်းအဝေးများထက် ပိုမို ထူးခြားမှုရှိမည် ဖြစ်ကြောင်း ပြောသည်။

`` ဆွေးနွေးပွဲအတွင်း ဒီနှစ်ထဲမှာ သူတို့အောင်မြင်ခဲ့တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမယ့် အပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်´´ ဟု ဦးအောင်ကျော်ဇောက မဇ္စျိမသို့ သောကြာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း အပစ်အခတ်ရပ် အဖွဲ့အစည်းများအား နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ထည့်သွင်း ဆွေးနွေးလိမ့်မည်ဟု သူက ဆက်လက် ပြောဆိုသွားသည်။

`` အခုက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ငြင်းဆန်နေတဲ့ ကေအိုင်အို လို၊ ဝ' တပ်ဖွဲ့လို့ အဖွဲ့မျိုးတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကိုလည်း သူတို့ ဆုံးဖြတ်လိမ့်မယ်ထင်တယ်´´ ဟု ဦးအောင်ကျော်ဇောက ပြောပြသွားသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ရေးရာ ကျွမ်းကျင်သူ တဦးဖြစ်သည့် ဦးဝင်းမင်းက ယခုအစည်းအဝေး ပွဲအပြီးတွင် အပြောင်းအလဲတချို့ ရှိလာနိုင်သည်ကို လက်ခံသော်လည်း စစ်ဗိုလ်ချုပ်များအကြား ကြီးကြီးမားမား အပြောင်းအရွှေ့ လုပ်လိမ့်မည် မထင်ကြောင်းနှင့် စစ်တိုင်းမှူးတချို့ကိုသာ ရာထူးတိုးမြှင့်ပေးမည် ဖြစ်ကြောင်း သူ့အမြင်ကို ပြောပြခဲ့သည်။

``မြန်မာစစ်တပ်အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမာမား ရှိလိမ့်မယ် မထင်ဘူး။ ဒါပေမယ့် တချို့ဗိုလ်မှူးချုပ်အဆင့် ရှိတဲ့သူတချို့တော့ ဗိုလ်ချုပ်အဆင့်ကို ရားထူး တိုးပေးလိမ့်မယ် ထင်တယ်´´ ဟု ဦးဝင်းမင်းက ပြောဆိုခဲ့ပြီး မည်သူတွေအား ရားထူးတိုးလိမ့်မည် ဆိုသည်ကတော့ သေချာကြောင်း ပြောခဲ့သည်။

`` ကြံ့ဖွံ့ကိုယ်စားလှယ်တချို့ကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်လိမ့်မယ်လို့လည်း ကျနော်ကြားတယ်´´ ဟု ဦးဝင်းမင်းက ဆက်လက်ပြောပြသွားသည်။

(မုံပီး တည်းဖြတ်သည်။)

Most read this week