ချင်းလူမျိုးများ ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံအတွက် စုရုံးရောက်ရှိ

ချင်းလူမျိုးများ ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံအတွက် စုရုံးရောက်ရှိ
by -
ဆလိုင်းပီပီ
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန်တွင် ကမ္ဘာတဝှန်းမှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များကလည်း ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေး ...

နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေချိန်တွင် ကမ္ဘာတဝှန်းမှ ချင်းတိုင်းရင်းသား ခေါင်းဆောင်များကလည်း ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးရန် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်၏ မြို့တော် အိုက်ဇောတွင် စုရုံးရောက်ရှိနေသည်။

နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့၊ ကျောင်းသားများ၊ ပညာရှင်များ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားကောင်စီ (CNC) ၏ ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းက သူတို့သည် ချင်းအမျိုးသားတို့၏ အနာဂတ်နိုင်ငံရေး လမ်းကြောင်းကို ဆွေးနွေးနိုင်ရန် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စုရုံးရောက်ရှိနေကြပြီဟု ပြောဆိုလိုက်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ယခုလ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပမည့် ချင်းအမျိုးသားညီလာခံသို့ ဂျာမဏီ၊ အမေရိကန်၊ ကနေဒါနှင့် အခြားနိုင်ငံများ စသော အလွန်ဝေးကွာသည့် နေရာများမှ ကိုယ်စားလှယ်များပင် လာတက်ကြသည်။

''ညီလာခံမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာက ၂ဝ၁ဝ ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်'' ဟု ရာလ်နှင်းက ပြောသည်။

ဤဒုတိယအကြိမ်မြောက် ချင်းအမျိုးသားညီလာခံသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားကြောင်း သူက ပြောသည်။ ညီလာခံသို့ တက်ရောက်သည့် CNC အကြံပေးတဦးမှာ ဟန်ညောင်ရွှေ ဖြစ်သည်။ သူသည် ရှမ်းတိုင်းရင်းသားတဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်၏ သားဖြစ်ကာ ဘရပ်ဆဲလ်ရှိ ယူရိုဘားမားရုံး (EBO) ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။

ဤသို့ CNC အဖွဲ့ဝင်များနှင့် အကြံပေးများကိုသာ ဖိတ်ကြားသဖြင့် ချင်းအမျိုးသားများကြား၌ စိတ်ဝမ်းကွဲပြားမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ တက်ကြွလှုပ်ရှားသူ အများအပြားက ဤညီလာခံသည် တရားမဝင်ကြောင်းနှင့် ဤညီလာခံက သူတို့၏ နိုင်ငံရေးကံကြမ္မာကို ဆုံးဖြတ်မည်ကိုလည်း ခွင့်မပြုနိုင်ကြောင်း ပြောဆိုကြသည်။

CNC ကို ၂ဝဝ၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် ချင်းအမျိုးသားညီလာခံကို အိန္ဒိယ အရှေ့မြောက် ပြည်နယ်တခုဖြစ်သော မဏိပူရှိ ‘Mount Sinai’ တွင် ကျင်းပပြုလုပ်ခဲ့သည်။ CNC ၏ ပင်မအဖွဲ့အစည်းများတွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ မရာပြည်သူ့ပါတီ (MPP)၊ ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) တို့ ပါဝင်သည်။

CNLD, MPP, ZNC တို့မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ရှိကြသည့် နိုင်ငံရေးပါတီများဖြစ်ကြပြီး၊ CNF မှာ ၁၉၈၈ ခုနှစ်တွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် ချင်းကျောင်းသားများနှင့် လူငယ်များက ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင် ခုခံဆန့်ကျင်ရေး အဖွဲ့တခု ဖြစ်သည်။

ညီလာခံအတွင်း ရာလ်နှင်းက CNC ၏ ဖွဲ့စည်းပုံကို လူထုအခြေပြု အဖွဲ့အစည်းများ၊ ကျောင်းသား လူငယ်အဖွဲ့အစည်းများတို့ဖြင့် ပင်မအဖွဲ့အစည်းဝင်များအဖြစ် တိုးချဲ့ဖွဲ့စည်းရန်ရှိသည်ဟု ပြောဆိုခဲ့သော်လည်း ချင်းတိုင်းရင်းသား ချိုမျိုးနွယ်စုများနှင့် ဖွဲ့စည်းထားသည့် ချိုတိုင်းရင်းသားကောင်စီ (CEC) ၏ ဥက္ကဋ္ဌ ကီးလဲအောင်ကမူ ချင်းတိုင်းရင်းသား အားလုံးအကြား ညီတူညီမျှ ကိုယ်စားပြုခွင့် မရရှိသည့်အတွက် CNC ၏ လက်ရှိမူဝါဒများကို သူတို့ သဘောမတူနိုင်ကြောင်း ပြောကြားသည်။

အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် မြန်မာနိုင်ငံ အနောက်မြောက် ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားမျိုးနွယ်စု ၅ဝ ကျော် နေထိုင်ကြသည်။ ယင်းတွင် မျိုးနွယ်စုငယ်များ၊ ဆွေမျိုးစုများလည်း ထပ်မံပါရှိသည်။ ယင်းကြောင့် ကွဲပြားသော မျိုးနွယ်စုများအကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားစေခဲ့သည်။

''သူတို့က သူတို့အဖွဲ့ကို ချင်းအမျိုးသားကောင်စီလို့ ခေါ်ပေမယ့် ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားမပြုဘူး။ CNC ဟာ မျိုးနွယ်စုအခြေခံတဲ့ အဖွဲ့အစည်းဖြစ်သင့်ပြီး ညီတူညီမျှ ကိုယ်စားပြုခွင့်လည်း ရှိသင့်ပါတယ်'' ဟု ကီးလဲအောင်က ပြောသည်။

၂ဝဝ၆ ခုနှစ် ပထမအကြိမ်မြောက် ချင်းအမျိုးသားညီလာခံတွင် စတင်ဖွဲ့စည်းစဉ်ကတည်းက CNC သည် ဆန့်ကျင်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျောင်းသားလူငယ် အဖွဲ့အစည်းကဲ့သို့သော အဖွဲ့များက CNC ဖွဲ့စည်းပုံကို သဘောမတူကြဘဲ ညီလာခံဆုံးဖြတ်ချက်များကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။

ချင်းတိုင်းရင်းသား မတူမျိုးနွယ်စု လူငယ်များနှင့် ဖွဲ့စည်းထားသည့် နယူးဒေလီအခြေစိုက် မတူလူငယ်အဖွဲ့ (MYO) ၏ ဥက္ကဋ္ဌ ဗန်တူးကလည်း သူတို့အဖွဲ့ကို လျစ်လျူရှုထားကာ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံသို့ ဖိတ်ကြားခြင်း မရှိခဲ့ကြောင်း အင်္ဂါနေ့က မဇ္ဈိမကို ပြောသည်။

CNC ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့် ပထမအကြိမ် ညီလာခံဆုံးဖြတ်ချက်ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် သူတို့ မတူအဖွဲ့ကို တမင်တကာ ချန်ထားခဲ့သည်ဟု ခံစားရကြောင်း သူက ပြောသည်။

''ချင်းတိုင်းရင်းသား မျိုးနွယ်စုတွေအကြား ညီတူညီမျှ ကိုယ်စားပြုခွင့် မရဘူးဆိုတာ တွေ့ရလို့ ပထမအကြိမ် ညီလာခံဆုံးဖြတ်ချက်တွေကို ကျနော်တို့ လက်မှတ် မရေးထိုးခဲ့တာပါ'' ဟု သူက ပြောသည်။

ချင်းတိုင်းရင်းသားများအကြား မျိုးနွယ်စုများ အားလုံးပါဝင်နိုင်ရန် CNC ကို သူတို့၏ မူဝါဒများ ပြင်ဆင်ရန်လည်း သူက တိုက်တွန်းလိုက်သည်။ ''အခုလောလောဆယ်တော့ မတူ၊ ချို၊ ခူမီးတို့လို မျိုးနွယ်စုတွေအတွက် ကောင်းမွန်သင့်တော်တဲ့ ကိုယ်စားပြုမှု မရှိဘူး'' ဟု သူက ပြောသည်။

CNC ပြောရေးဆိုခွင့်ရှိသူ ရာလ်နှင်းကမူ CNC သည် ချင်းအမျိုးသားလှုပ်ရှားမှုအတွင်း တစထက်တစ တိုးတက်ဖြစ်ထွန်းလာခြင်းဖြစ်ကြောင်းနှင့် အိန္ဒိယမြန်မာနယ်စပ်ရှိ ဗစ်တိုးရီးယားစခန်းတွင် ကျင်းပသည့် ချင်းအမျိုးသားများကြား အများသဘောတူညီမှု တည်ဆောက်ရေး နှီးနှောဖလှယ်ပွဲ ‘Seminar on Chin Consensus Building’ သို့ တက်ရောက်သည့် ကိုယ်စားလှယ် ၉၅ ဦး လက်မှတ်ရေးထိုးခဲ့သည့် ၂ဝဝ၄ ဧပြီ ဗစ်တိုးရီးယား သဘောတူညီချက်ကို အခြေခံပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ဤသဘောတူညီချက်တွင် ရည်မှန်းချက် ၄ ခု ပါရှိသည်။ စစ်အစိုးရဆန့်ကျင်ရေး တိုက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ရန်၊ လွတ်လပ်မှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အတူတကွ လက်တွဲ ဆောင်ရွက်ရန်၊ ချင်းအမျိုးသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွ့ံဖြိုးရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ရန်တို့ ဖြစ်ကြသည်။

''ကျနော့်ရဲ့ ပုဂ္ဂလိကအမြင်အရတော့ တော်လှန်ရေး လှုပ်ရှားမှုအတွင်းမှာ ညီတူညီမျှ ကိုယ်စားပြုမှုဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အတူတကွ လက်တွဲလုပ်နိုင်မယ့် ကောင်းမွန်တဲ့ မူဝါဒမျိုးကိုသာ ရေးဆွဲချမှတ်သွားမှာ ဖြစ်ပါတယ်'' ဟု ရာလ်နှင်းက ပြောသည်။

CNC သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ရ မျိုးဖြစ်သည့် ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းနှင့် မွန်လူမျိုးတို့ ကိုယ်စားပြုထားသည့် ထီးရိပ်အဖွဲ့အစည်းတခုဖြစ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ပြည်ပအခြေစိုက် အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်အဖွဲ့အစည်းတခု ဖြစ်သည်။

(မုံပီး တည်းဖြတ်သည်)

Most read this week