နယူးဒေလီ (မဇ္ဈိမ) ။ ။ အနောက်နိုင်ငံများမှ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေး အတွက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးလိုပါသည်ဟု ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်ကို သဘောတူညီကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက တနင်္လာနေ့က ပြောကြားလိုက်ပါသည်။
ဒဏ်ခတ်ပိတ်ဆို့မှုများ လျော့ပါးရေး သူတို့၏ကြိုးပမ်းမှုများကို ဆက်လက်ဆောင်ရွက်သည့် အနေနှင့် တိုက်ရိုက် တွေ့ဆုံခွင့်ပြုပါရန် ထိန်းသိမ်းခံ ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေထံသို့ ဒုတိယစာတစောင် ရေးသားပေးပို့ခဲ့ကြောင်း ဒီချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
`ဒေါ်စု ပြောတဲ့အချက်တွေပေါ် မူတည်ပြီး ကျနော် စာကိုရေးသားပါတယ်။ ပြီးတော့ နေပြည်တော်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ပေးပို့လိုက်ပါတယ်´ ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ပါတီအလုပ်အမှုဆောင် ကော်မတီဝင် ရ ဦးသည် ပါတီဌာနချုပ်၌ အစည်းအဝေးကျင်းပကာ ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်အပေါ် ဆွေးနွေးခဲ့ကြကြောင်းဖြင့် ဒီချုပ် အလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောသည်။
`ဒါနိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမဲ့ ကိစ္စမို့ ဒီကမ်းလှမ်းချက်ကို ကျနော်တို့ သဘောတူပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြေငြာချက်တရပ်ကို ကျနော်တို့ အင်္ဂါနေ့မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်´ ဟု ဦးခင်မောင်ဆွေက ပြောသည်။
ယင်းစာတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က အမေရိကန် အရာရှိများနှင့် တွေ့ဆုံခွင့်ပြုရန် သူမ၏ မေတ္တာရပ်ခံချက်ကို ခွင့်ပြုခဲ့သည့်အတွက် လည်းကောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် စပ်လျဉ်း၍ အချက်အလက် ရှာဖွေစုဆောင်းနိုင်ရန် လိုအပ်သော အစီအစဉ်များ ဆောင်ရွက်ပေးခဲ့သည့်အတွက် လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကျေးဇူးတင်ရှိပါကြောင်း ရေးသားထားသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
စက်တင်ဘာလအတွင်းကလည်း ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ လျော့ပါးရေးအတွက် သူမအနေဖြင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ရေးသားပေးပို့ခဲ့သည်။
ထို့ပြင် အဆိုပါဒဏ် ခတ်ပိတ်ဆို့မှုအကြောင်းအချက်အလက်ရှာဖွေနိုင်ရန်အတွက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ နိုင်ငံတို့မှ သံတမန်များနှင့်တွေ့ဆုံခွင့်ပေးရန်လည်း အဆိုပါစာတွင်မေတ္တာရပ်ခံခဲ့သည်။
ဤသို့ကမ်းလှမ်းချက်များ ပြုလုပ်ခဲ့ပြီးနောက် စစ်အစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ကို ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်နှင့်၎င်း၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ နိုင်ငံတို့မှ သံတမန်များနှင့်၎င်း၊ တွေ့ဆုံခွင့် ပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် စပ်လျဉ်းသည့် အချက်အလက်ရှာဖွေစု ဆောင်းမှုများကို ပြုလုပ်နေပြီး ယခု ဒုတိယကမ်းလှမ်းချက်ကို ပေးပို့လိုက်ခြင်း ဖြစ်သည်ဟု ဒီချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
သူမ၏ယခု ဒုတိယကမ်းလှမ်းချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တိုက်ရိုက်တွေ့ဆုံပြီး ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးရန်ဖြစ်သည်။ အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူနှင့် ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင်တို့အကြား ကြားခံလူအဖြစ် ဆောင်ရွက်ရန် ခန့်ထားခဲ့ခြင်း ဖြစ်သော်လည်း အဘယ်ကြောင့် ဦးအောင်ကြည်နှင့် မတွေ့လိုကြောင်း ပြောဆိုထားခြင်းမရှိပါ။
ဒီမိုကရေစီခေါင်းဆောင်၏ စက်တင်ဘာလက ပြုလုပ်ခဲ့သော ပထမကမ်းလှမ်းချက်မှာ အမေရိကန်က မြန်မာနိုင်ငံအပေါ်ထားရှိသည့် နိုင်ငံခြားရေးမူဝါဒကို ထုတ်ပြန်ကြေငြာချိန်နှင့် တိုက်ဆိုင်နေသည်။
အဆိုပါမူဝါဒသစ်အရ အမေရိကန်သည် စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများပြု လုပ်သွားမည်ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ဆက်လက်ထားရှိမည် ဖြစ်သည်။
အဆိုပါ အမေရိကန်၏ မူဝါဒသစ်အရ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလဆန်းက လာရောက်လည်ပတ်ခဲ့ပြီး စစ်အစိုးရ အရာရှိကြီး အများအပြားနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဒုတိယမြောက်ကမ်းလှမ်းချက်တွင် နိုင်ငံတော်အကျိုးအတွက် လက်ရှိအစိုးရဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင် ရွက်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ကြောင်း ရေးသားထားသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။
အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းကြသည့် ပါတီခေါင်းဆောင်များဖြစ်ကြသော ပါတီဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူးဦးလွင်နှင့် ဦးလွန်းတင် တို့ကို သူတို့နေအိမ်များတွင် သွားရောက်တွေ့ဆုံ ဂါရဝပြုလိုကြောင်းလည်း ဦးသန်းရွှေထံ အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားသည်ဟု ဆိုသည်။
ထို့ပြင် သူမကို ထိန်းသိမ်းခံ ဒုဥက္ကဌ ဦးတင်ဦးအပါအဝင် ဒီချုပ် အလုပ်အမှုဆောင် တဖွဲ့လုံးနှင့် တွေ့ဆုံ အစည်းအဝေး ကျင်းပခွင့်ပေးရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားသည်။
ဤသို့ ဒီချုပ်အလုပ်အမှုဆောင်များ အစည်းအဝေး ကျင်းပပြီးပါက နိုင်ငံ့အကျိုးအတွက် ဦးသန်းရွှေ နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ ဒေါ်စုကပြောသေးတယ် ဟု ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်ပါ စာသားများကို ပြောပြပါသည်။
(မုံပီးတည်းဖြတ်သည်)