ရွေးကောက်ပွဲ ဥပဒေထုတ်ရန် ဦးသုဝေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး

ရွေးကောက်ပွဲ ဥပဒေထုတ်ရန် ဦးသုဝေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေး
by -
ဖနိဒါ
ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ထုတ်ပြန်ပေးရန် ပါဝင်ယှဉ်ပြိုင်ရန် ဟန်ပြင်နေသော ပါတီတခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ...

မဇ္ဈိမ(ချင်းမိုင်)။      ။ ရွေးကောက်ပွဲ ဥပဒေ အချိန်မီ ထုတ်ပြန်ပေးရန် ပါဝင်ယှဉ်ပြိုင်ရန် ဟန်ပြင်နေသော ပါတီတခုဖြစ်သည့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယခုလ ၁၃ ရက်နေ့က စာတစောင် ရေးပို့လိုက်သည်။

ပါတီဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် အချိန်နောက်ကျနေသည်ဟု ယူဆကြောင်းနှင့် ပုဂ္ဂလိက အနေဖြင့်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးသုဝေက ပြောသည်။

“ပါတီက တရားဝင် မဟုတ်သေးဘူးဆိုတော့ ပုဂ္ဂလိက အနေနဲ့ ပို့လိုက်တာပါ။ အားလုံးသော ပါတီတွေအတွက် ဆိုပြီးတော့ မေတ္တာရပ်ခံ လိုက်တာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက်စာရင် အများကြီး နောက်ကျနေပြီလေ” ဟု ဦးသုဝေက ပြောသည်။

၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဟု စစ်အစိုးရက အာမခံထားသော ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လိုသည့် နိုင်ငံရေး ပါတီများအနေဖြင့် စနစ်တကျ ပြင်ဆင်ချိန် လိုအပ်ပြီး “တရားဥပဒေအတိုင်း စည်းရုံးလှုပ်ရှားဖွဲ့စည်းနိုင်ရန်” အတွက် စာရေးသားရခြင်း ဖြစ်ကြောင်း ပေးစာအတွင်း၌ ဖော်ပြထားသည်။

၁၉၉၀ ခု ရွေးကောက်ပွဲများ၌ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို ရွေးကောက်ပွဲနေ့ မတိုင်မီ လပေါင်း (၂၀) ကြိုတင် ကြေညာခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကို လပေါင်း (၁၂) လကြိုတင် ကြေညာပေးခဲ့သည်။ သို့သော်လည်း ယခုတကြိမ်တွင်တော့ ကောလာဟလ အမျိုးမျိုးသာ ထွက်ရှိနေခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေကတော့ မထွက်ရှိလာသေးပေ။

ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိရန် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ အနေဖြင့် လွတ်လပ်စွာ သွားလာစည်းရုံးခွင့်၊ ကြေညာချက်များ ထုတ်ခွင့်ရှိရမည်သာမက သတင်းဌာနများသည် လွှတ်လပ်မှု ရှိရမည်ဟု ဦးသုဝေက ပြောသည်။

အသက် ရ၇ နှစ်အရွယ် ဦးသုဝေသည် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဗဟို အလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်ပါတီ-ဒီပီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပါလီမန်ခေတ် ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများဖြစ်သည့် ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေ ဦးဆောင်ပါဝင်သည်။

ပါတီမူဝါဒ သဘောထားများ၊ ဖွဲ့စည်းပုံ စည်းမျဉ်းများ ရေးဆွဲပြီး ဖြစ်သည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတွင် တိုင်းနှင့် မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ အသီးသီးဖွဲ့စည်းထားပြီး ဖြစ်သည်။

ဦးသုဝေသည် ပါလီမန်ခေတ်တွင် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ ဖဆပလ ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ငြိမ်း၏ ကိုယ်ရေးအတွင်းဝန် ဖြစ်ခဲ့ကာ သတင်းစာဆရာတဦးလည်း ဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သင့်ပြီ ဖြစ်ကြောင်း၊ လွတ်လပ်စွာ ပါတီဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ ဟောပြောခွင့်တို့ကို ရွေးကောက်ပွဲ မတိုင်မှီ အနည်းဆုံး ၈လမှ  ၁ နှစ်အကြား စတင်ခွင့်ပြုသင့်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။

“ကျေးရွာ၊ မြို့နယ်၊ ခရိုင်တွေမှာ ပါတီဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ တရားဟောခွင့်၊ မဲစွယ်ခွင့် ပေးရတော့မယ်လေ။ ပါတီစုံ ဝါဒလမ်းစဉ်ကို ဖော်ထုတ်ပြီး၊ တင်ပြပြီးတော့ လူထုကို စည်းရုံးရမယ်။ နောက်တောင် ကျနေပြီလို့ ပြောလို့ရတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သည့် အန်အယ်ဒီပါတီကမူ အာဏာလွှဲပေးခြင်း မခံရဘဲ ပါတီလှုပ်ရှားမှုများပါ ကန့်သတ်ခံနေရဆဲဖြစ်ပြီး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင် အများအပြား ချုပ်နှောင်ခံနေသည်။

အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီများက ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုထားသည်။

နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး” က တခဲနက် အတည်ပြုပေးခဲ့ပြီး ဖြစ်သောကြောင့် ရွေးကောက်ပွဲများ ကို ၂၀၁၀ ခုနှစ်၌ ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု ၈၉ နှစ်မြောက် အမျိုးသားနေ့တွင် ထပ်မံဖော်ပြခဲ့သည်။

(တည်းဖြတ် ကိုဝိုင်း)