ရန်ကုန် (မဇ္စျိမ)။ ။ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း လုပ်ငန်းများကို ယခုလ ၃ ရက်နေ့မှ စတင်၍ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပေါင်းလောင်းတောင်ထိပ်တွင် တည်ရှိနေသည့် အောက်ခံ ကျောက်လုံးတော်ကြီးနှင့် စေတီတော်ကြီးကို ၃ နှစ်လျှင် တကြိမ် ပုံမှန်ပြုလုပ်နေကျအတိုင်း ရွှေသင်္ကန်း ကပ်လှူခြင်း ဖြစ်ပြီး ယခုလ နောက်ဆုံးပတ်တွင် အလုံးစုံ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု ရင်ပြင်တော် ဂေါပကအဖွဲ့ရုံး အဆိုအရ သိရခြင်း ဖြစ်သည်။
ယခုလအတွင်း ရွှေသင်္ကန်းအပြီးကပ်ရန် အရှေ့တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူးက အချိန်ရွေးချယ် သတ်မှတ်ပေးထားကြောင်း သိရပြီး တပ်မ ၄၄ က ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့ကို ကြီးကြပ် ဆောင်ရွက်နေသည်။
လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်းကို ဝါးငြမ်းဆင်ခြင်း၊ ဖျာကြမ်းများ ကာရံခြင်း၊ ရေသပ္ပာယ် ပူဇော်ခြင်း၊ သစ်ဆီးသုတ်ခြင်းနှင့် ရွှေချခြင်း စသော လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွှေဆိုင်းပေးသွင်းရန် ပုဂ္ဂလိက ရွှေဆိုင်းလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားသည်။
ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၃၆၁၅ ပေတွင် တည်ရှိနေသော ရသေ့ဦးခေါင်းသဏ္ဍာန် ကျောက်လုံးတော်ကြီးအား ဝါးငြမ်းထိုးသည့် လုပ်ငန်းများကို ရင်ပြင်တော်ပေါ်ရှိ ကျိုက်ထီးရိုး စေတီတော် ကျောင်းတိုက်မှ သံဃာများက ဦးဆောင်သည်ဟု သိရသည်။
“ဦးဇင်းတို့ကို ဂေါပကအဖွဲ့က ငြမ်းထိုးတဲ့တာဝန်ပဲ ပေးတာပါ။ ကျိုက်ထီးရိုး စေတီတော်ကြီးက တခြား စေတီတွေနဲ့ မတူတော့ အပြင်ငြမ်းအဖွဲ့တွေကို အပ်လို့မရပါဘူး။ ဒီကျောင်းက ဦးဇင်းတွေပဲ အစဉ်အဆက် ငြမ်းထိုးခဲ့တာပါ။ ဝါး ၄ မျိုးကို စုစုပေါင်း အလုံး ၂၀၀၀ လောက် သုံးရတယ်။ နိုဝင်ဘာ နောက်ဆုံးအပတ်မှာ ငြမ်းအပြီးဖျက်ဖို့ လျာထားပါတယ်” ဟု သံဃာတပါးက ဆိုသည်။
ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ဘဏ္ဍာငွေရှာဖွေသုံးစွဲမှုကို တပ်မ ၄၄ က အလုံးစုံ ကွပ်ကဲသည်။
“လောလောဆယ် အားလုံးကိုင်ထားတာ တပ်မ ၄၄ က ပါပဲ။ တနှစ် တကြိမ် ကျိုက်ထိုက ကျိုက်ထီးရိုးပြတိုက််မှာ လေလံပစ်ရင် တပ်မ ၄၄ ကပဲ ဦးဆောင်ပါတယ်။ ဂေါပကအဖွဲ့မှာလည်း လူကြီးပိုင်း ၃-၄ ယောက်ကလွဲရင် ကျန်တာက ရုပ်ပြလောက်ပါပဲ” ဟု တောင်ပေါ် ထမင်းဆိုင်တခုမှ ဆိုင်ရှင်တဦးက ပြောသည်။
တပ်မ ၄၄ နှင့် လက်အောက်ခံ တပ်ရင်းများမှ တပ်မိသားစုများကို ဝင်ငွေရလုပ်ငန်းများအဖြစ် အလှူခံမဏ္ဍပ်များကို လေလံပေးဆွဲကြောင်းနှင့် ပြင်ပမှ ဝင်ရောက်လေလံဆွဲသူများ ရှိသော်လည်း တပ်မိသားစုများသာ လေလံအောင်ခြင်း များကြောင်း နာမည်ရ ယိုစုံလုပ်ငန်းရှင်တဦးက ပြောသည်။
“ပြောရတာ ကောင်းတော့ မကောင်းဘူးဗျ။ ဘုရားအတက်အဆင်း တောက်လျှောက်နဲ့ ကျီးပါးစပ်၊ ကျောက်ထပ်ကြီးဘက်တွေ အကုန်လုံးက ရှိသမျှ အလှူခံမဏ္ဍပ်တွေ လေလံပစ်ရင် တပ်ကလူတွေကိုပဲ ပေးတာ။ အားလုံးလည်း တပ်ကပဲ။ ဒီလေလံစနစ်ကိုက မှားနေတာပါ။ လေလံဆွဲတဲ့သူတွေက အတင်းကာရော အလှူခံတော့ ဘုရားဖူးတွေနဲ့ ပြဿနာဖြစ်တာ တော်တော်များများ တွေ့ရတယ်” ဟု အဆိုပါ ယိုစုံလုပ်ငန်း ပိုင်ရှင်က ပြောသည်။
လက်ရှိတွင် စေတီတော်မြတ်ကြီးကို ဖျာကြမ်းများဖြင့် ကာရံထားပြီဖြစ်ကြောင်း သိရပြီး လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း ရေစက်ချအခမ်းအနား ပြုလုပ်မည်ဟု သိရသည်။