သူပုန် ၃၄ ဦးအမှုတွင် အဝေးရောက် အစိုးရ သက်သေထွက်ဆို

သူပုန် ၃၄ ဦးအမှုတွင် အဝေးရောက် အစိုးရ သက်သေထွက်ဆို
by -
မုံပီး
ကိုလ်ကာတာမြို့ စက်ရှင်တရားသူကြီးရုံးတွင် အမှုရင်ဆိုင်နေရသော မြန်မာသူပုန် ၃၄ ဦး သည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသူများသာ ဖြစ်ကြောင်း  အဝေးရောက် အစိုးရ ...

နယူးဒေလီ (မဇ္ဈိမ) ။       ။ကိုလ်ကာတာမြို့ စက်ရှင်တရားသူကြီးရုံးတွင် အမှုရင်ဆိုင်နေရသော မြန်မာသူပုန် ၃၄ ဦး သည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသူများသာ ဖြစ်ကြောင်း  အဝေးရောက် အစိုးရအဖွဲ့ဖြစ်သော ပြည်ထောင်စုမြန်မာနို်င်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၏ ကိုယ်စားလှယ်က သက်သေအဖြစ် ထွက်ဆိုခဲ့သည်။

NCGUB မှ နယူးဒေလီအခြေစိုက် ဝန်ကြီး ဒေါက်တာတင့်ဆွေက ကြာသပတေးနေ့က တရားရုံးတွင် ထွက်ဆိုရာ၌ လောလောဆယ် ကိုလ်ကာတာမြို့ ပရက်စီဒင်စီ (Presidency) အကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရသော ရခိုင်နှင့်ကရင် လူမျိုး ၃၄ ဦးသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက် တိုက်ပွဲဝင်နေသည့် လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူများ ဖြစ်ကြောင်း ပြောဆိုသွားသည်။

`အိန္ဒိယတရားရေး စနစ်က ဒီ ၃၄ ဦးအမှုကို စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်မှာ မဟုတ်သလို တရားမျှတစွာနဲ့ ဆုံးဖြတ်ပေးလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ တရားမျှတမှုရပြီး သူတို့ လွတ်မြောက်လာလိမ့်မယ်လို့ ကျနော်အကောင်းမြင် မျှော်လင့်ပါတယ်´ ဟု ဒေါက်တာတင့်ဆွေက မဇ္ဈိမ ကိုပြောသည်။
ကြာသပတေးနေ့က လာရောက်သက်သေ ထွက်ဆိုခဲ့သည့် တရားဆိုင်ပြ သက်သေ ၃ ဦးအနက် ဒေါက်တာတင့်ဆွေသည် တဦး အပါအဝင် ဖြစ်သည်။ ၃၄ ဦးသည်  လက်နက်နှင့်ခဲယမ်း မီးကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ နို်င်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုတို့ဖြင့် စွဲချက်တင် စစ်ဆေးနေသည်။

သူတို့သည် မြန်မာစစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေကြသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)  နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဝင်များဖြစ်ပြီး ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယရေတပ်က `ပင်လယ်မျှော့´ဟု အမည်ဝှက် ပေးထားသော စစ်ဆင်ရေးဖြင့် ဖမ်းဆီးမိခဲ့သည်။

ဖမ်းဆီးပြီး ရက်ပိုင်းအတွင်းမှာပင် သူတို့ထံမှ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေငြာခဲ့သည်။

သို့သော်  မြန်မာစစ်အစိုးရ၏ ခိုင်းစေချက်အရ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့က အကွက်ချ ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်ကြောင်း  သူပုန်များက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အန်ဒမန် နီကိုဘာကျွန်းစုရှိ လင်းဖော (Landfall) ကျွန်းကို အိန္ဒိယဘက်က အသုံးပြုခွင့် ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့်  တရုတ်ရေတပ် လှုပ်ရှားမှုကို ထောက်လှမ်းပေးပို့ရမှာဖြစ်သည်ဟု သူတို့နှင့် အိန္ဒိယ ထောက်လှမ်းရေးတို့ သဘောတူညီခဲ့ကြသည်ဟု သူပုန်များက ပြောသည်။

ထောက်လှမ်းရေးဘက်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီး သူတို့ခေါင်းဆောင် ၆ ဦးကို လန်းဖောကျွန်းသို့ရောက်အပြီး နောက်တရက်တွင် သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည်ဟု သူတို့က ပြောသည်။

`ဒီသူပုန် ၃၄ ဦးဟာ လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူများသာ ဖြစ်တယ်ဆိုတာ ထွက်ဆိုဘို့ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလည်း ကျနော့်ဆီကို စာတစောင် ပေးပို့ခဲ့ပါတယ်။ ဒီစာကို ကျနော် တရားရုံးမှာ တင်ပြခဲ့ပါတယ်´ ဟု ဒေါက်တာတင့်ဆွေက ပြောသည်။
အနောက် ဘင်္ဂလားပြည်နယ် အားကစားဌာန အရာရှိတဦးကလည်း သူတို့ဌာန အနေဖြင့် မြန်မာ ၃၄ ဦး ကိုထောက်ခံသည့်အနေနှင့် လွတ်မြောက်ရေး တိုက်ပွဲဝင်သူများ သွေးစည်းညီညွတ်ရေး ကော်မတီနှင့်ပူးတွဲကာ ဘောလုံးပွဲတပွဲကို ၂၀၀၈ ခုနှစ်အတွင်း ကိုလ်ကာတာမြို့၌ စီစဉ်ကျင်းပခဲ့ကြောင်း တရားရုံးတော်ရှေ့မှောက် ထွက်ဆိုသွားသည်။

သွေးစည်း ညီညွတ်ရေး ကော်မတီကို ဒေါက်တာ (ဗိုလ်မှူးကြီး) လက်ရှမီးဆာဂါးလ် (Lakshmi Sahgal) က ဦးဆောင်သည်။

`အနောက် ဘင်္ဂလားပြည်နယ် အစိုးရအရာရှိရဲ့ ထွက်ဆိုချက်က မြန်မာလူမျိုး ၃၄ ဦးဟာ ရာဇဝတ်သားတွေ မဟုတ်ဘူး။ လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေသာ ဖြစ်တယ်။ ဒါကြောင့် အနောက် ဘင်္ဂလားပြည်နယ် အစိုးရအနေနဲ့ သူတို့နဲ့ ပေါင်းသင်းဆက်ဆံဖို့ သင့်တယ်လို့၊ ယူဆခဲ့တာဖြစ်တယ်လို့ ဆိုလိုတာဖြစ်တယ်´ ဟု တရားဆိုင်ရှေ့နေတဦးဖြစ်သူ ဆစ်ဒတ်သ်အဂါဝါလ် (Siddarth Aggarwal) က မဇ္ဈိမကို ပြောသည်။

နောက်ထပ် သက်သေတဦးမှာ မြန်မာတိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ဦးဟန်ညောင်ရွှေ (Harn Yanghwe) ဖြစ်သည်။ သူသည် ဘရပ်ဆဲလ်ရှိ ယူရိုမြန်မာရုံး (Euro-Burma Office) ညွှန်ကြားရေးမှူး တဦးလည်း ဖြစ်သည်။

ဦးဟန်ညောင်ရွှေက သူသည် ၃၄ ဦး၏ မိခင်အဖွဲ့အစည်းများ ဖြစ်သော NUPA, KNU တို့နှင့် အဆက်အသွယ်များ ရှိကြောင်း၊ EBO သည် သူတို့၏ တရားရုံးစရိတ်များအတွက် ဘဏ္ဍာရေး အထောက်အပံ့များ ပေးအပ်ခဲ့ကြောင်း ထွက်ဆိုသွားသည်။

`ဒီ မြန်မာလူမျိုး ၃၄ ဦးကို ကျနော့်အဖွဲ့အစည်းဖြစ်တဲ့ တိုင်းရင်းသား လူမျိုးစုများ ကောင်စီ (ENC) နဲ့ ယူရိုမြန်မာရုံး (EBO) တို့ကတဆင့် သိရှိပါတယ်´  ဟု ဦးဟန်ညောင်ရွှေက ပြောသည်။

ENC သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုသည့် ထီးရိပ် အဖွဲ့အစည်းတခု ဖြစ်သည်။

ထင်ရှားသော လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ နန်ဒီတာဟက်ဆာ (Nandita Haksar) သည် ဗုဒ္ဓဟူးနေ့က တရားရုံးတွင် မြန်မာလူမျိုး ၃၄ ဦးအမှုကို ကာကွယ်ထွက်ဆိုရာတွင် ၆ နှစ်မျှ ကြာသည်အထိ ဗဟိုထောက်လှမ်းရေး ဗျူရို (CBI) က တရားစွဲတင်ခြင်း မရှိသည့်အတွက် ဒေါသထွက်မိကြောင်း ပါရှိသည်။

နောက်ဆုံးတွင် တရားမျှတမှုကို ရရှိလိမ့်မည်ဟု သူမအနေဖြင့် မျှော်လင့်ကြောင်းနှင့် တရားလိုဘက်မှ စွဲချက်ကို အထောက်အကူပြုမည့် သက်သေခံများ လုံလောက်စွာ ပြသနိုင်ခဲ့ခြင်း မရှိကြောင်း နန်ဒီတာဟက်ဆာက ပြောကြားသွားသည်။

အမှုသည် ၃၄ ဦးက သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ တင်ပြထားရာ `လျှောက်လွှာအား လက်ခံ စဉ်းစားနေကြောင်း´ အသိအမှတ်ပြု စာရွက်စာတန်းများ ထုတ်ပေးပြီး ဖြစ်သည်ဟု ဟက်ဆာက မဇ္ဈိမသို့ ပြောသည်။

နယူးဒေလီမြို့ရှိ UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူက ဤသတင်းကို ငြင်းဆိုခြင်း သော်လည်းကောင်း၊ အတည်ပြုခြင်း သော်လည်းကောင်း၊ မလုပ်သော်လည်း ဟက်ဆာကမူ ဤအချက်သည် မျှော်လင့်ချက် လက္ခဏာတရပ်ပင် ဖြစ်ကြောင်း ပြောသည်။
တရားဆိုင်ပြ သက်သေများ၏ ထွက်ဆိုချက်များ ကြားနာမှု ပြီးဆုံးသွားပြီ ဖြစ်ပြီး တရားလိုဘက်မှ လျှောက်လဲချက် ပေးရန် ဒီဇင်ဘာ ၁၅ ရက်နေ့ကို ချိန်းဆို သတ်မှတ်လိုက်သည်။

`ကျနော့်အထင် တရားလိုဘက်က လျှောက်လဲချက်ကို ဒီဇင်ဘာမှာ ပေးမယ်၊ တရားဆိုင်ဘက်က ဇန်နဝါရီလ အတွင်းလောက် လျှောက်လဲချက်ပေးနိုင်မယ်´  ဟု တရားဆိုင်များ၏ ရှေ့နေ အဂါဝါးလ်က ပြောသည်။ နှစ်ဘက်လုံးမှ လျှောက်လဲချက် ပေးပြီးသည့်အခါ တရားရုံးက အမိန့်ချမှတ်နိုင်လိမ့်မည် ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

ဤအမှုသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတခုလုံးကို ကိုယ်စားပြုနေကြောင်း ဒေါက်တာတင့်ဆွေ ကပြောသည်။

`ပိုကျယ်ကျယ်ပြန့်ပြန့်ကြည့်ရင် သူတို့ (မြန်မာ ၃၄ ဦး) ဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်´ ဟု သူက ပြောသည်။

Most read this week