ထင်သာမြင်သာ ရွေးကောက်ပွဲဖြစ်ရေး အမေရိကန် ပြော

ထင်သာမြင်သာ ရွေးကောက်ပွဲဖြစ်ရေး အမေရိကန် ပြော
by -
ဥဆာဖိချိုင်း
အထွေထွေ ရွေးကောက်ပွဲကို ထင်သာမြင်သာရှိစွာ ကျင်းပပေးရေးအတွက် မြန်မာနိုင်ငံကို နားချပါရန် အမေရိကန်က အရှေ့တောင်အာရှ - အာဆီယံနိုင်ငံများကို ယမန်နေ့တွင် ပြောဆို ...

ချင်းမိုင် (မဇ္စျိမ)။      ။ အထွေထွေ ရွေးကောက်ပွဲကို ထင်သာမြင်သာရှိစွာ ကျင်းပပေးရေးအတွက် မြန်မာနိုင်ငံကို နားချပါရန် အမေရိကန်က အရှေ့တောင်အာရှ - အာဆီယံနိုင်ငံများကို ယမန်နေ့တွင် ပြောဆိုလိုက်သည်။

ယခုတပတ် စင်္ကာပူတွင် ကျင်းပမည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ အာရှပွဲဦးထွက် ခရီးစဉ်ကို ယနေ့စတင်မည့် အချိန်တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က အာဆီယံ ရ နိုင်ငံအပါအဝင် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။ အေပက် အစည်းအဝေးကို စင်္ကာပူနိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။

''အာဆီယံအဖွဲ့ကြီးမှတဆင့်သော်လည်းကောင်း၊ တနိုင်ငံချင်းသော်လည်းကောင်း၊ မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ယခုအချိန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်မျှတ၍ အများယုံကြည်ကိုးစားခံရသည့် ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် စတင်ပြင်ဆင်ရမည့် အချိန်ပင်ဖြစ်ကြောင်း ဖျောင်းဖျပြောဆိုသည်ကို ကျမတို့ မြင်လိုပါသည်'' ဟု မစ္စကလင်တန်က ပြောဆိုခဲ့သည်။

စထရိတ်တိုင်း (The Strait Times) သတင်းစာကြီးတွင် ရေးသားထားချက်အရ အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မစ္စတာ အိုဘားမားက ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခံမှုများ ပြုလုပ်လိမ့်မည်ဟု အကြီးတန်း အစိုးရအရာရှိကြီးတဦးက ပြောသည်ဟု ဆိုသည်။

အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ ပထမဆုံးအကြိမ်အဖြစ် စင်္ကာပူတွင် တနင်္ဂနွေနေ့၌ မတွေ့ဆုံမီ ဤသဘောထား ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိပ်သီးအစည်းအဝေးသည် ယခုအခါ နိုင်ငံအများအပြားနှင့် ညွန့်ပေါင်းအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်နေသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်နိုင်ငံက ပူးပေါင်းဆောင်ရွက်မည့် မူဝါဒကို အမေရိကန်က ထပ်မံအတည်ပြုပြသနိုင်မည့် အခွင့်အရေးတရပ် ဖြစ်သည်။

မစ္စတာ အိုဘားမားသည် အာဆီယံအစည်းအဝေးသို့ တက်ရောက်မည့် ပထမဆုံး သမ္မတဖြစ်သည်။

မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးသိန်းစိန် ပါဝင်တက်ရောက်မည့် အစည်းအဝေးသို့ တက်ရောက်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများက သဘောတူကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူး Wiawas Sriwihok က တနင်္လာနေ့တွင် အတည်ပြုပြောကြားသည်။

''မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာများသည် မြန်မာနိုင်ငံ နယ်နိမိတ်တွင်းတွင်သာ ရှိနေမည်မဟုတ်သည့်အတွက်'' ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် မြန်မာနို်င်ငံကို အာဆီယံအဖွဲ့ကြီးက တိုက်တွန်းပြောကြားရန် လိုသည်ဟု မစ္စကလင်တန်က အထူးအလေးပေးပြောကြားခဲ့သည်။

သို့သော် မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အမေရိကန်နိုင်ငံက စည်းကမ်း သတ်မှတ်ချက်များကိုမူ ထားရှိမည် မဟုတ်ကြောင်းနှင့် သို့သော် စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကိုလည်း ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။

ယခုရက်သတ္တပတ်ကုန်တွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပသည့် အေပက်ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်ရန် စင်္ကာပူနိုင်ငံသို့ မစ္စကလင်တန် အင်္ဂါနေ့က ရောက်ရှိလာသည်။

ထို့ပြင် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ယိုး (George Yeo) ကလည်း အေပက်နှီးနှောဖလှယ်ပွဲ ပြင်ပ၌ မီဒီယာသို့ ပြောကြားရာတွင် ''အမေရိကန်သည် သူတို့၏ အာဆီယံဆိုင်ရာမူဝါဒကို မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်မူဝါဒပေါ် မူတည်၍ ပြဋ္ဌာန်းချမှတ်မည် မဟုတ်ကြောင်း ဆုံးဖြတ်ပြီးဖြစ်သည်'' ဟု အရှေ့တောင်အာရှ နိုင်ငံများအသင်းကို ရည်ညွှန်းပြောကြားသွားခဲ့သည်။

''ဤအချက်သည် ထိုးဖောက်အောင်မြင်မှုတရပ်ပင် ဖြစ်သည်။ အကြောင်းမူ ယခင်က မြန်မာနို်င်ငံ ပြဿနာကြောင့် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး ကြိုးပမ်းမှုများကို တားဆီးသလို ဖြစ်ခဲ့သည်'' ဟု သူက ဆက်လက်ပြောကြားသည်။

သို့သော် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာသည် ကမ္ဘောဒီးယားအစိုးရ စီးပွားရေး အကြံပေးရာထူး ရယူရန် အင်္ဂါနေ့က မြို့တော် ဖနွမ်းပင်သို့ ရောက်ရှိလာခဲ့သည့်အတွက် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် အေပက်နှင့် အာဆီယံ အစည်းအဝေးများအတွက် စိတ်ပူပန်စရာများ ဖြစ်ပေါ်နေသည်။

အာဆီယံအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး စူရင်ပစ်ဆူဝမ် (Surin Pitsuwan) က အဆိုပါ ကိစ္စ ပြောဆိုရန် သူ့ကို လွန်ခဲ့သော ရက်အနည်းငယ် အတွင်းက ခေါ်ယူတွေ့ဆုံခဲ့သည်ဟု ယိုးက ပြောသည်။

ဆူရင်သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများထံသို့လည်း စာရေး၍ နှစ်နိုင်ငံစလုံးက သူတို့၏ ပြဿနာကို ဖြေရှင်းရန် တိုက်တွန်းပြောကြား ခဲ့သည်။ ယို ကလည်း ဤနိုင်ငံပြဿနာအပေါ် အဖွဲ့ဝင်နိုင်ငံများက စိုးရိမ်ပူပန်နေကြောင်းနှင့် နှစ်ဖက်လုံးက ထိန်းထိန်းသိ်မ်းသိမ်း ရှိကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။