သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ခေါ် ကိုးကန့်လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့သည် နအဖစစ်ကောင်စီမှ တွန်းအားပေးနေသော နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းလိုက်ကြောင်း လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ကိုးကန့်ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် ပါ၀င်သော နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ တပ်ရင်းကို ၎င်းအဖွဲ့ အခြေပြုရာ တရုတ်နယ်စပ်ရှိ ကိုးကန့်အထူးဒေသ ၁ လောက်ကိုင်မြို့၌ နိုဝင်ဘာလဆန်းပိုင်းက ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။
နယ်ခြားစောင့်တပ်တပ်ရင်းတစ်ရင်းလျှင် နအဖစစ်တပ်မှ အုပ်ချုပ်ရေးအရာရှိ ၃ဝ ယောက် အပါအဝင် အင်အား ၃၂၆ ယောက်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စောစောပိုင်းထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
ယခုဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်ရင်းတွင် တပ်ရင်းမှူးမှာ ကိုးကန့်ဗိုလ်မှူးရန်ရှောက်ချင် ဖြစ်ပြီး စစ်သည် ၂၀၀ ဦးခန့် အခြားအဆင့် ၈၀ ဦးခန့်နှင့် အရာရှိ ၁၅ ဦးခန့်ဖြင့် ပါ၀င်ဖွဲ့စည်းထားကြောင်း တရုတ်နယ်စပ်မှ စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တပ်အင်အား ၁ ထောင်ကျော်ရှိသော ကိုးကန့်အဖွဲ့အား သြဂုတ်လကုန်ပိုင်းက နအဖစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့် ရာနှင့်ချီသော ၎င်းတို့တပ်ဖွဲ့ဝင်များမှာ တရုတ်နိူင်ငံဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်သွား ကြသည်။
နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့အပြီး ယခင်ကိုးကန့်အဖွဲ့ ဥက္ကဌဖြစ်သူ ဖုန်ကျားရှင်းနှင့် ဆွေမျိုးများမှာ ထွက်ပြေး တိမ်းရှောင်နေရကာ ယခုအခါ ပိုင်စုံချိန်ဦးဆောင်သော ကိုးကန့်ဒေသ ယာယီအုပ်ချုပ်ရေး ကော်မတီ ကို ဖွဲ့စည်းထားရသည်။
ထိုအခြေအနေတွင် ဧပြီလ ၂ဂ ရက်နေ့ကတည်းက နအဖစစ်တပ်မှနယ်ခြားစောင့်အသွင်ပြောင်းရေးအတွက်တွန်းအားပေး နေမှု အား ယာယီအုပ်ချုပ်ရေးကော်မတီအဖွဲ့မှ လက်ခံကာ တပ်ရင်းတစ်ရင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
“မူလဖွဲ့စည်းမလို့လုပ်တုန်းကတော့ တပ်ရင်း ၂ ရင်းမှ ၃ ရင်းပေါ့ တရုတ်ပြည်ကိုသွားလက်နက်ချတဲ့အုပ်က ၁ ထောင်ကျော် လောက်ရှိတယ် အဲဒီမှာ တကယ်တန်းပြန်လာတဲ့ လူစာရင်းကောက်တာတော့ လူ ၆၀၀ နီးပါး လောက်ပဲရှိတယ်အဲဒီအထဲ ကနေ ၃မျိုးလောက်ခွဲလိုက်တယ် အသက် ၅၀ ကျော်တွေ အသက် ၁ဂ နှစ်အောက် တွေ နောက်ကျန်းမာရေးမကောင်းတာ တွေ နောက်တစ်ခုက သူတို့နဲ့တိုက်ခဲ့ဘူးသူတွေ ပယ်လိုက်တယ် ” လို့ ဦးအောင်ကျော်ဇောက ပြောသည်။
ယခုဖွဲ့စည်းလိုက်သော နယ်ခြားစောင့််တပ်ရင်းကို လေ့ကျင့်သင်တန်းပေးချိန်တွင် နအဖစစ်အရာရှိများကို တပ်ဖွဲ့ အတွင်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးအား ငြင်းဆန်နေသော အခြားသော လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား မျက်နှာပြကောင်းစေရန် နယ်ခြားစောင့်တပ်များအား ညင်သာစွာကိုင်တွယ်ဖွယ်ရှိ သော်လည်း ရေရှည်တွင် တပ်များအား နောက်ထပ်အသွင်သဏ္ဍန်များ ထပ်မံပြောင်း လဲ နိုင်သေးကြောင်း အကဲခတ်များက ဆိုသည်။
တရုတ်နယ်စပ်ရှိ အင်အားတောင့်တင်းသော လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များဖြစ်သည့် ကချင်ပြည်လွပ်လပ် ရေးအဖွဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် တို့က နအဖမှ တွန်းအားပေးလျှက်ရှိသော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအဆိုကို လက်မခံ ပဲရှိနေသည်။