အုပ်စုတခု ပြည်သူ့စစ် တစ်တပ်ရင်းဖွဲ့စည်းရေးစီမံကိန်း နအဖ စတင် အကောင်ထည်ဖေါ်

အုပ်စုတခု ပြည်သူ့စစ် တစ်တပ်ရင်းဖွဲ့စည်းရေးစီမံကိန်း နအဖ စတင် အကောင်ထည်ဖေါ်
ကျေးရွာအုပ်စုတခုလျှင် ပြည်သူ့စစ် တပ်ရင်းတစ်ရင်း စီမံကိန်းအား အကောင်အထည် စတင်ရာတွင် မြို့နယ်တခု ၌ အနည်းဆုံး ပြည်သူ့စစ် တပ်ရင်းတခုဖြင့် စတင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း - SPDC အရာရှိနှင့် ...

ကျေးရွာအုပ်စုတခုလျှင် ပြည်သူ့စစ် တပ်ရင်းတစ်ရင်း စီမံကိန်းအားအကောင်အထည်စတင်ရာတွင်မြို့နယ်တခု ၌ အနည်းဆုံး ပြည်သူ့စစ်တပ်ရင်းတခုဖြင့် စတင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း - SPDC အရာရှိနှင့်နီးစပ်သည့် အသိုင်းအဝိုင်းကဆိုသည်။
“ပြည်သူ့စစ်တပ်ရင်း/အမှတ် အသေးစိတ်တော့မသိသေးဘူး၊ ပြီးခဲ့တဲ့ ၃ ရက်နေ့  တြိဂံတိုင်း ဒု-တိုင်းမှူးဗိုလ်မှူးချုပ် ဝေလင်း မိုင်းတုံ ဘက်ရောက်လာတာတော့ ပြည်သူ့စစ်တပ်ရင်းဖွဲ့ဖို့အဓိကဘဲ”- ဟု မိုင်းတုံ ဒေသခံတဦးကပြော ပါသည်။

မိုင်းတုံမြို့နယ်အတွင်း ပြည်သူ့စစ်တပ်ရင်း နှစ်ရင်း ထားနိုင်ဖွယ်ရှိကြောင်း၊ ထို့အတူမိုင်းဆတ်မြို့နယ်တွင်လည်း ထို့ထက် မကရှိနိုင်ကြောင်း သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ဆက်ပြော၏။

“မိုင်းတုံမြို့နယ်ထဲမှာ ပြည်သူ့စစ်တပ်ရင်းမှူး  တင်ဝင်း၊ လက်ထောက်ကနှစ်ယောက် ဂျပီးကွယ် နဲ့ ဂျကော် ဖြစ်မယ်လို့ ပြောတယ်။ တပ်ရင်း နှစ်ရင်းထားရင်တော့ ဂျပီးကွယ် နဲ့ ဂျကော်က တပ်ရင်းမှူး၊ တင်ဝင်းက ထိပ်ဆုံးက ကိုင်မှာပေါ့။ မိုင်းဆတ် ဘက်မှာတော့ လားဟူပြည်သူ့စစ်တပ်ဖွဲ့အရမ်းများတော့ မိုင်းတုံထက် တပ်ရင်းပိုများနိုင်တယ်” - ဟု ပြော၏။

နအဖ တပ်ရင်းတစ်ရင်း၌ လက်ရှိ အင်အား ၂၀၀ - ၃၀၀ ကြားသာရှိသောကြောင့် ပြည်သူ့စစ်တပ်ရင်းလည်း ထို့ထက် မနည်း ဖွဲ့စည်းနိုင်ဖွယ်ရှိကြောင်း၊ ထို့အတူ ပြည်သူ့စစ်လစာကိုလည်း ယခုနှစ် ကုန်စတင်ထုတ်ပေးသွားမည်ဖြစ် ကြောင်း၊ သာမန်ပြည်သူ့စစ်တပ်သားတဦး လစာငွေမည်မျှထုတ်ပေးမည် မသိရသော်လည်းပြည်သူ့စစ်တပ်ရင်းမှူး အတွက် တလ အနည်းဆုံး ၃ သိန်းထုတ်ပေးမည် သတင်းကြားထားကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။

“တပ်ရင်းမှူးအဆင့်က ဗမာ့တပ်မတော်မှာ ဒု - ဗိုလ်မှူးကြီးအဆင့်လောက်ထားတယ်။  ဒု - ဗိုလ်မှူးကြီး တယောက်ရဲ့ လစာ က ၁ သိန်း ၈ သောင်းလောက်ရတယ်လေ။ ရာထူးလစာ နဲ့ အလုပ်တာဝန်လစာပေါင်းရင် ပြည်သူ့စစ်တပ်ရင်း မှူး တယောက် လစာကျပ် ၃ သိန်းလောက်ဖြစ်နိုင်ပါတယ်” - ဟု ဗမာတပ်မတော် အရာရှိအသိုင်းအဝိုင်းနှင့်နီးစပ်သူ တဦးက ပြောပါသည်။

ပြည်ပရန် ကာကွယ်ရန်အတွက် ကျေးရွာအုပ်စုတခု ပြည်သူ့စစ်တပ်ရင်းတစ်ရင်းဖွဲ့စည်းထူထောင်သွားမည့်စစ်အစိုးရ ၏ ပေါ်လစီသည် ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကတည်းကဖြစ်ကြောင်း၊ စင်စစ်မှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအား ချေမှုန်းရန်အတွက်သာဖြစ်ကြောင်း NDD သတင်းသုတေသနဌာန မှတ်တမ်း၌ ဖေါ်ပြခဲ့ဖူးသည်။

မိုင်းတုံ၊ မိုင်းဆတ်အပိုင်း၌ ပြည်သူ့စစ်တပ်ရင်း  ထူထောင်ဖွဲ့စည်း  ရသည့်အကြောင်းရင်းမှာ တောင်ပိုင်း ၀တပ်ဖွဲ့ နှင့် တောင်ပိုင်း SSA  တို့အား စစ်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်လျှင် ရှေ့ပြေးတပ် အဖြစ်အသုံးပြုမည်မှာမလွဲဖြစ် ကြောင်း  သျှမ်းပြည် တပ်မတော် အသိုင်းအဝိုင်းကလည်း ပြောပါသည်။

နအဖ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ ခုနှစ် စစ်တမ်းတွင် ရှမ်းပြည်အတွင်း ခရိုင်ပေါင်း ၁၂ ခု မြို့နယ်ပေါင်း ၅၅ မြို့နယ်၊ မြို့ နယ်ခွဲ ၂၀ ခု၊ မြို့ ရ၄ မြို့၊ ရပ်ကွက် ၄၁၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၆၃၃ စု၊ ကျေးရွာပေါင်း ၁၅၄၂၁ ရွာ ရှိသည်ဟု ဆို၏။ ကျေးရွာအုပ်စုတိုင်း ပြည်သူ့စစ်တပ်ရင်းတခု ထားမည်ဆိုပါက ရှမ်းပြည်တခုထဲ ပြည်သူ့စစ်တပ်ရင်း ၁၅၀၀ ရင်းထက် မနည်း ရှိမည်ဟု သုံးသပ်သူများကပြောဆိုနေကြ၏။