မိုင်းလားတပ်ဖွဲ့ ဖိအားပေးခံရမှုအပေါ် အောက်ခြေ အဆင့်နှင့် ပြည်သူထံသို့ ရှင်းလင်းဆွေးနွေး

မိုင်းလားတပ်ဖွဲ့ ဖိအားပေးခံရမှုအပေါ် အောက်ခြေ အဆင့်နှင့် ပြည်သူထံသို့ ရှင်းလင်းဆွေးနွေး
ဒု-ဗိုလ်ချုပ်ကြီးရဲဲမြင့် နှင့်တွေ့ဆုံပြီး နယ်ခြား အသွင်ပြောင်းရေးကိစ္စ ဖိအားပေးခံရမှုအပေါ် မိုင်းလား ခေါင်းဆောင်များက အောက်ခြေအဆင့် တပ်မှူး တပ်သားများနှင့် လူထုအား နိုဝင်ဘာ ၅ ရက်နေ့အထိ ပြန်လည်ရှင်းပြ ...

ဒု-ဗိုလ်ချုပ်ကြီးရဲဲမြင့် နှင့်တွေ့ဆုံပြီး နယ်ခြား အသွင်ပြောင်းရေးကိစ္စ ဖိအားပေးခံရမှုအပေါ် မိုင်းလား ခေါင်းဆောင်များက အောက်ခြေအဆင့်တပ်မှူး တပ်သားများနှင့် လူထုအား နိုဝင်ဘာ ၅ ရက်နေ့အထိ ပြန်လည်ရှင်းပြကာ သဘောထား ကောက်ယူခဲ့သည်ဟု သျှမ်း-ထိုင်းနယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

“၂၈ ရက်နေ့ မိုင်းလားခေါင်းဆောင်အဖွဲ့ ကျိုင်းတုံသွားပြီး ဗိုလ်ချုပ်ရဲမြင့်နဲ့ တွေ့ဆုံတဲ့အပေါ် ပြည်သူတွေ ကို မနေ့က ပြန်လည်ရှင်းပြတယ်။ ပြည်သူနဲ့ - ကေဒါတို့ရဲ့သဘောထား ကိုမေးမြန်းတယ်။ မနက်ဖြန် ဗိုလ်ချုပ်မင်းအောင်လှိုင် မိုင်းလား ရောက်ရင် အကြောင်းအရာ (၆) ချက် ပြန်လည်တင်ပြတောင်းဆိုဖို့ လူထုက တိုက်တွန်းထားတယ်ပြောတယ်” - ဟု တရုတ် - သျှမ်း - ထိုင်း နယ်စပ် သွားလာသူ ကုန်သည်တဦးကပြောသည်။

သျှမ်းပြည်စစ်တိုင်း သုံးတိုင်းအား ကြီးကြပ်သူ တိုင်းချုပ်ဗိုလ်ချုပ်မင်းအောင်လှိုင်ထံ တင်ပြတောင်းဆိုမည့်အဓိကအကြောင်း ရင်းမှာ -
နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းလျှင်......
၁။ နအဖ စစ်အရာရှိများ မိုင်းလားတပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းခြင်း မပြုလုပ်သေးရန် ၊
၂။ မွမ်းမံ/စစ်သင်တန်းအားလည်း မိုင်းလားနယ်မြေအတွင်း၌သာ ပြုလုပ်ရန်၊
၃။ တာဝန်ထမ်းဆောင်နိုင်သေးသည့်အသက် ၅၀ ကျော် မိုင်းလားအရာရှိများ ရာထူးမှ ရပ်နားခြင်းမပြုရန်၊
၄။ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအားလုံး နဂိုအတိုင်း ထားရှိသွားရန်၊
၅။ စစ်အစိုးရ၏ဌာနဆိုင်ရာအုပ်ချုပ်ရေးယန္တရားများ မိုင်းလားဒေသအတွင်း ၀င်ရောက်ထမ်ဆောင်ခြင်းမြုပသေးရန်၊
၆။ မိုင်းလားတပ်ဖွဲ့၏ စစ်တပ်ပိုင်းဆိုင်ရာ/အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကော်မတီများအား နဂိုအတိုင်းထားရှိရန် - စသဖြင့် တင်ပြတောင်းဆိုသွားမည်ဟုဆိုပါသည်။

“မိုင်းလားကိုဦးဆောင်တဲ့သူတွေက ဗမာစစ်တပ် ပြောတဲ့အတိုင်း တကယ်လိုက်လုပ်မယ်ဆိုရင် မိုင်းလားတပ်ဖွဲ့ နဲ့ ပြည်သူ တွေကို အရှင်လတ်လတ် မြေမြှုပ်လိုက်တာနဲ့ အတူဘဲ” - ဟု မိုင်းလားမှ မျိုးချစ် တပ်မတော်သားတဦးက ၀မ်းပန်း တနည်း ကြေကြေကွဲကွဲနှင့်ပြောကြောင်း အမည်မဖေါ်လိုသည့် အဆိုပါကုန်သည်က သျှမ်းသံတော်ဆင့် အားပြောပါသည်။

“နယ်ခြင်းဆက်စပ်နေတဲ့ SSA မြောက်ပိုင်း၊ ၀ နဲ့ မိုင်းလားတို့တွေ လက်နှေးပြီး ဘုံဆုံးဖြတ်ချက်/တစည်းတလုံးထဲ တောင်း ဆိုမှုတွေ မလုပ်နိုင်ရင်၊ သေအတူ ရှင်အတူ ဆုံးဖြတ်ချက်မချနိုင်ရင်၊ တဖွဲ့ပြီးတဖွဲ့ ကိုးကန့်လို သွားမှာဘဲ။  ၀ တပ်ဖွဲ့အတွက် မြောက်ပိုင်း SSA က တံတိုင်းဖြစ်နေသလို မိုင်းလားဆိုလဲ သူ့ရဲ့ထွက်သက်ဝင်သက်လိုဘဲ၊ အဲဒီ့နှစ်ဖွဲ့ ကိုးကန့်လို ထပ်ဖြစ် မယ်ဆိုရင်တော့ ၀ တစ်ဖွဲ့ထဲတောင့်ခံနေလို့ရမှာမဟုတ်ဘူး” - ဟု သျှမ်းပြည်မြောက်ပိုင်းမှ သုံးသပ်သူတဦးက ပြောပါသည်။