နယူးဒေလီ (မဇ္စျိမ)။ ။ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁) ကိုးကန့်နယ်မြေတွင် ၂ လအတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အရေအတွက် ၁၁ ဒဿမ ၉ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ၁၁ ဒဿမ ၉ သန်းကျော် ဖမ်းဆီးခဲ့ကြောင်း ယခုလ ၁ ရက်နေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားခြင်း ဖြစ်သည်။
ကျပ်ငွေ ၂ဝ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ သန်း ၂ဝ ကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် ကိုးကန့်ဒေသ လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ မူးယစ်ဆေးဝါး ပပျောက်ရေး ပြတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သတင်းစာတွင် ပါရှိသည်။
ထို့ပြင် ယခုနှစ် ဇူလိုင်လအတွင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဘိန်းဖြူ ရ၆၁ ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၃၄ဝဝဝဝ (၃ သိန်း ၄ သောင်း) နှင့် သြဂုတ်လ ၃ ရက်နှင့် ၂၄ ရက်နေ့တွင် တာချီလိတ်မြို့၌ပင် ဘိန်းဖြူဘလောက်တုံးများ အပါအဝင် စိတ်ကြွဆေးပြား ၉ သန်းကျော် ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
သို့သော် နိုင်ငံရေးရည်ရွယ်ချက်ကြောင့်သာ လုပ်ဆောင်ပြနေခြင်းဖြစ်သည်ဟု မြန်မာပြည်အရှေ့ပိုင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာနေသူ ထိုင်းနို်င်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။
“အပစ်အခတ်ရပ်သူတွေကို ဖိအားပေးတာဖြစ်သလို၊ အမေရိကန်နိုင်ငံလို မြန်မာနိုင်ငံ ဘိန်းထွက်ကိစ္စတွေ ပြောနေတဲ့အပေါ် အစိုးရက တတ်အားသရွေ့ လုပ်ဆောင်နေတယ်လို့ ပြချင်တာရယ်၊ မြန်မာနို်င်ငံကို စီးပွားရေး ပိတ်ဆို့မှုကိစ္စ လျော့သွားစေချင်လို့ တမင်လုပ်နေတာပါ” ဟု ဦးခွန်ဆိုင်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်များ တည်ရှိနေပြီး၊ တဖြည်းဖြည်းချင်း အင်အားကြီးထွားလာရာမှ ယခုအခါ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေးနှင့် ငြိစွန်းမှုများ ရှိနေကြောင်း ဦးခွန်ဆိုင်းက ပြောသည်။