တောင်ပိုင်း ၀ အား ဖဲ့ယူရန် နအဖ ကြိုးပမ်းနေ

တောင်ပိုင်း ၀ အား ဖဲ့ယူရန် နအဖ ကြိုးပမ်းနေ
၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ပြိုကွဲရေး နှင့် တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်အစိုးရ ဖဲ့ထုတ်ရန် ကြိုးစားစည်း ရုံးနေကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။ ...

၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ပြိုကွဲရေး နှင့် တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်အစိုးရ ဖဲ့ထုတ်ရန် ကြိုးစားစည်း ရုံးနေကြောင်း နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

“ပုံပါကျင် ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီးကျော်သူက ခက်ထန်မာကြောတယ်။ အောက်တိုဘာ ၅ ရက်နေ့က အသစ် ရောက် လာတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဝင်းဦးကအဘက်ဘက်ကိုအဝင် အထွက်လုပ်တတ်တယ်။ ရောက်ရောက်ချင်းဘဲ ဆိုင်ရာ ပြည်သူ့စစ် နဲ့ အပစ်ရပ်တပ်ဖွဲ့တွေကို သွားတွေ့တယ်” - ဟု မိုင်းတုံဒေသခံတဦး က ပြော၏။

ဦးခွန်ဆာဦးဆောင်သည့် MTA ခေါ် မုန်တိုင်းတပ်မတော် ပြိုကွဲရခြင်းမှာ အဓိကအကြောင်းရင်း ၂ ခုရှိကြောင်း - (၁) နောက် ဖေးပေါက်ဖြစ်သည့် ထိုင်းနယ်စပ်ဘက် ထိုင်းအစိုးရပိတ်လိုက်ခြင်း၊ (၂) တပ်တွင်းစည်းလုံးမှု ပြိုကွဲခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ၀ ပြည်သွေးစည်းရေးတပ်မတော်ပြိုကွဲအောင်လည်း အဆိုပါအကြောင်းအချက်ပေါ် မူတည်ကြောင်း - “ အမှတ် ၁၇၁ စစ်ဒေသဖြစ်တဲ့ တောင်ပိုင်း ၀ တပ်ဖွဲ့တွေကိုဖဲ့ထုတ်နိုင်ရမယ်၊ နောက်ကျောရိုးဖြစ်တဲ့ တရုတ်နယ်စပ်တလျှောက်တရုတ် အစိုးရပိတ်ပေးခိုင်းနိုင်ရင်တော့ ၀ ကို နအဖအပိုင်စီးနိုင်မယ်။ ပထမခြေလှမ်းအနေနဲ့ ဗျူဟာမှူးအပြောင်းအလဲလုပ်နေတယ်” - ဟု နယ်စပ်နေစစ်ရေးအကဲခတ်တဦး က သုံးသပ်ပါသည်။

အမည်မဖေါ်လိုသည့် တောင်ပိုင်း ၀ အရာရှိတဦးကလည်း မည်သူမှ စစ်မဖြစ်ချင်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြ၏။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က  ဌာနချုပ် ပန်ဆန်းကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်ကိုလနဲ့ချီ ခြေလျှင်လျှောက်ဆင်းလာ ရတယ်။ အခုတော့ အဲကွန်းကားနဲ့ နာရီပိုင်းခရီးသာ သွားလာနိုင်ပြီ။  ဘယ်သူမှ အရင်ကလို ဒုက္ခတွေ ရင်မဆိုင်ချင်တော့ ဘူး။ အဲဒီအားနည်းချက်ကို နအဖ သိလို့ ပိုမိုဖိအားပေးစည်းရုံးလာတာဖြစ်တယ်” - ဟု ပြောပါသည်။

ကိုးကန့်အရေးအခင်းကာလ ၀ နှင့် နအဖ တင်းမာမှု ပစ်ခတ်လုနီးနီးဖြစ်ခဲ့ရာမှ ယခုအခါ ထိုင်း - မြန်မာနယ်စပ် တလျှောက် ၀ ကားများ နအဖ တပ်စခန်း/ဂိတ်ဖြတ်သန်းသွားလာလျှင် အစစ်အဆေး လျှော့ပေါ့လာသည့်အပြင် သွားလာရေးလည်း လွယ်ကူလာကြောင်း၊ ထို့အပြင် ၀ တပ်စောင့် ဂိတ်တွင်လည်းဖြတ်သန်းခ/ခွန် ပြန်လည်ကောက်ခံနေပြီဖြစ်ကြောင်း - ၀ တပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။