ဒီချုပ်ရန်ကုန်ရုံးခွဲ ဖွင့်ခွင့်ပြန်ရလိမ့်မည်ဟု အကောင်းမြင် မျှော်လင့်နေ

ဒီချုပ်ရန်ကုန်ရုံးခွဲ ဖွင့်ခွင့်ပြန်ရလိမ့်မည်ဟု အကောင်းမြင် မျှော်လင့်နေ
သူတို့၏ မေတ္တာရပ်ခံလွှာကို ၁၉၉ဝ ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ပြီးနောက် ကော်မရှင်က ဆွေးနွေးရန် ခေါ်ယူခဲ့သဖြင့် ရုံးခန်းပြန်ဖွင့်ခွင့် ရလိမ့်မည်ဟု အဓိက အတိုက်အခံပါတီ အမျိုးသား ...

နယူးဒေလီ (မဇ္ဈိမ)။     ။ သူတို့၏ မေတ္တာရပ်ခံလွှာကို ၁၉၉ဝ ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ပြီးနောက် ကော်မရှင်က ဆွေးနွေးရန် ခေါ်ယူခဲ့သဖြင့် ရုံးခန်းပြန်ဖွင့်ခွင့် ရလိမ့်မည်ဟု အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များက အကောင်းမြင် မျှော်လင့်နေသည်။

သူနှင့်အတူ သူ့လုပ်ဖော်ကိုင်ဘက်အများကို ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ရွေးကောက်ပွဲ ကော်မရှင် တိုင်းရုံးသို့ ခေါ်ယူပြီး ယခုထိ တာဝန်ထမ်းဆောင်ဆဲ ပါတီဝင်စာရင်းကို သူတို့ထံ တင်ပြရန် ပြောဆိုခဲ့သည်ဟု ဒီချုပ် ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မဇ္ဈိမကို ယနေ့ ပြောသည်။

''ဒီချုပ် ရန်ကုန်တိုင်းက ကော်မတီဝင် စာရင်းအသစ်ကို သူတို့ဆီတင်ဖို့ သူတို့ (ကော်မရှင်) က ကျနော်တို့ကို ပြောတယ်။ ဒီလိုတင်ပြီးရင် နောက်ထပ် ဆက်ပြီး ဆွေးနွေးမယ်တဲ့'' ဟု ဒေါက်တာ သန်းငြိမ်းက ပြောသည်။

၂ဝဝ၃ ခုနှစ်က အပိတ်ခံခဲ့ရသော ရုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် မေတ္တာရပ်ခံလွှာကို ဒီချုပ် ရန်ကုန်တိုင်းက ပြီးခဲ့သည့်လဆန်းတွင် တင်သွင်းခဲ့သည်ဟု သူက ပြောသည်။

''တခု ထူးခြားတာက ကော်မရှင်က အရင်တိုင်းစည်း အဖွဲ့ဝင်ဟောင်းတွေ နာမည်ကို မတောင်းဘူး။ အခုလက်ရှိ တာဝန်ယူနေတဲ့ တိုင်းစည်းကော်မတီတွေ နာမည်ပဲ တောင်းတယ်'' ဟု သူက ဆက်ပြောသည်။

၁၉၈၈ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သော ပါတီတွင် ယခုအခါ တိုင်းစည်းကော်မတီအတွင်း၌ အဖွဲ့ဝင် အတော်များများ မရှိတော့ပါ။ အချို့မှာ သေဆုံးသွားပြီး အချို့မှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။ အများအပြားမှာ ယခုတိုင် အကျဉ်းကျနေဆဲ ဖြစ်သည်။

ယခင်ကမူ ရုံးများပြန်ဖွင့်ခွင့်ပေးရန် စည်းကော်မတီဦးရေ လုံလောက်အောင်မရှိဟု ဒီချုပ် အဖွဲ့ခွဲရုံးများကို အကြောင်းပြ ပြောကြားလေ့ရှိသည်ဟု ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ၂ဝဝ၈ ခုနှစ် စက်တင်ဘာလကမှ ပြန်လည် လွတ်မြောက်လာသူ ဒေါက်တာသန်းငြိမ်းက ပြောသည်။

''ဒီတခါတော့ သူတို့က ဒါမျိုးမမေးတော့ဘူး။ လောလောဆယ် တာဝန်ထမ်းဆောင်နေတဲ့ စည်းကော်မတီစာရင်းသာ သူတို့ဆီ ချက်ချင်းတင်ပြဖို့ ပြောတယ်'' ဟု သူက ပြောသည်။

တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းရုံးကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည့်အတွက်လည်းကောင်း၊ တရားဝင် ပါတီတရပ်အနေဖြင့် ရုံးတွင် ပါတီလုပ်ငန်းများ လုပ်ကိုင်ရန် လိုအပ်သည့်အတွက် လည်းကောင်း၊ ရုံးပြန် ဖွင့်ခွင့်ပြုရန် ဒီချုပ်ရန်ကုန်တိုင်းရုံးက မေတ္တာရပ်ခံစာတစောင်ကို ပြီးခဲ့သည့်လဆန်းတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများပြီးလျှင် စစ်တန်းလျားသို့ ပြန်ပါမည်ဟု ကတိပေးထားခဲ့သော စစ်အစိုးရသည် ဒီချုပ်က အပြတ်အသတ် အနို်င်ရခဲ့ပြီးနောက် အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။

ယင်းအစား ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဌာနချုပ်ရုံးမှတပါး နိုင်ငံရေးပါတီ အားလုံးကို ဖျက်သိမ်းပြီး ရုံးအားလုံးကို ပိတ်ပစ်ခဲ့သည်။

''ဘာအကြောင်းကြောင့်ပဲ ပြန်ဖွင့်ခွင့်ပေးပေး အခုလို ပြန်ဖွင့်ခွင့်ပေးမယ်ဆိုရင် ဒါ အစိုးရအတွက်ရော၊ ကျနော်တို့အတွက်ပါ အကျိုးဖြစ်ထွန်းတဲ့ အရာပဲလို့ ကျနော် ယုံကြည်ပါတယ်'' ဟု သူက ပြောဆိုသည်။

မကြာသေးခင်ကလည်း စစ်အစိုးရသည် အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ မေတ္တာရပ်ခံချက်အရ အနောက်တိုင်း သံတမန်များနှင့် ရှားပါးစွာ တွေ့ဆုံခွင့်ပေးခဲ့သည်။ ထို့ပြင် သူမ၏ ပါတီကိုလည်း အမေရိကန်၊ ယူကေနှင့် သြစတြေးလျားနိုင်ငံ အပါအဝင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခွင့် ပေးခဲ့သည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကင်းဘဲလ် (Kurt Campbell) နှင့် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာစီယယ် (Scott Marciel) သည် သူတို့၏ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို ယနေ့ စတင်လိုက်သည်။ အဆိုပါ သံတမန်ကြီး ၂ ဦးသည် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အပါအဝင် စစ်အစိုးရအရာရှိကြီး အတော်များများနှင့် နေပြည်တော်တွင် တွေ့ဆုံလိမ့်မည်ဟု မျှော်လင့်ရသည်။

သူတို့၏ ခရီးစဉ်ကို အဆုံးမသတ်မီ အဆိုပါ သံတမန်နှစ်ဦးသည် လွန်ခဲ့သော အနှစ် ၂ဝ အတွင်း ၁၄ နှစ်မျှ ပုံစံတမျိုး မဟုတ်တမျိုးဖြင့် ထိန်းသိမ်းခံခဲ့ရသော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

(ခိုင်စုနှင့် မြင့်မောင် သတင်းပေးပို့၍ မုံပီး တည်းဖြတ်သည်)

Most read this week