ယခုရက်ပိုင်း ၃ရက်နေ့မှ ၄ရက်နေ့ထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်သည် မြန်မာပြည်အတွက်ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်မည်ဟု မျော်လင့် မထားကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ဆိုပါသည်။
အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Kurt Campbell) အပြင် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး (Scot Marciel) နှင့် အခြားသော အရာရှိ ၂ ဦးတို့နှင့်အတူ မြန်မာနိုင်ငံကို လက်ရှိအချက်အလက် ရှာဖွေရာဦးတည်ချက်နှင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရမှ တဘက်သတ်ရေးဆွဲထားသော၂၀၀၈ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြီးရန်အတွက် ဆွေးနွေးမှုများ မလုပ်ပါက ပြုပြင်ပြောင်းလဲခြင်းများ ဖြစ်ပေါ် လာနိုင်မည်မဟုတ်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောပါသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ယခုအမေရိကန် အဆင့်မြင့် အဖွဲ့၏ ခရီးစဉ်အရ ကြီးမားသော အပြောင်းအလဲများ ချက်ချင်း ဖြစ်ပေါ်စေနိုင်မည်ဟု မျော်လင့်မထားကြောင်း ဆိုပါသည်။
အမေရိကန် သမ္မတ အိုဘားမားက ပိတ်ဆို့အရေးယူထားမှုများကို ရုတ်သိမ်းခြင်းမပြုပဲ စစ်အစိုးရနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ မူဝါဒသစ်ကို ထုတ်ပြန်ခဲ့သည်။
ကေအဲန်ပီပီမှ အတွင်းရေးမှူး ခူဦးရယ်က “အမေရိကန်နဲ့ အီးယူက မြန်မာနိုင်ငံအပေါ် Sanction လုပ်ထားပြီလေ၊ ဒီတခုကို အစိုးရက ပြန်လည်ရုတ်သိမ်းခိုင်းစေချင်လို့ အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက် ချင်တာ အဲ့ဒီတခု ပဲ။ အခြားက ဘာမှမရှိဘူး ကျနော့်အမြင်ပေါ့” ဟုပြောပါသည်။
ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးရေးအတွက် စစ်အစိုးရသည် အမေရိကန်အစိုးရနှင့် တွေ့ဆုံရန် အားသန် နေသော်လည်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆန္ဒမရှိသည့်အတွက် အမေရိကန်၏ ဆောင်ရွက်ချက် အောင်မြင်နိုင်မည်မဟုတ်ဟု ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ)က သုံးသတ်ထားပါ သည်။
ယခု အမေရိကန်အဆင့်မြင့် အရာရှိများမြန်မာပြည်ခရီးစဉ်သည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်း အောလ်ဘရိုက် Madeleine Albright ခရီးစဉ်နောက်ပိုင်း ၁၀ စုနှစ်အတွင်း ပထမဆုံးအကြိမ်ခရီးစဉ် ဖြစ်သည်ဟုသိရသည်။