စစ်တပ်မှ အကြွေးဖြင့် ၀ယ်ထားသော လယ်ယာဖိုး ဒေသခံများထံ တောင်းခံ

စစ်တပ်မှ အကြွေးဖြင့် ၀ယ်ထားသော လယ်ယာဖိုး ဒေသခံများထံ တောင်းခံ
by -
ပါးရယ်
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အခြေစိုက် ခမရ ၄၂၁ တပ်ရင်းသည် ကျပ်ငွေ သိန်း ၄၀ တန်ဖိုးရှိသည့် ရွာသားတဦး၏ လယ်ယာတခင်းကို အကြွေးဖြင့် ၀ယ်ယူ ထား၍ မဆပ်နိုင်သောကြောင့် နောင်လှိုင်ကျေးရွာ ...

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အခြေစိုက် ခမရ ၄၂၁ တပ်ရင်းသည် ကျပ်ငွေ သိန်း ၄၀ တန်ဖိုးရှိသည့် ရွာသားတဦး၏ လယ်ယာတခင်းကို အကြွေးဖြင့် ၀ယ်ယူ ထား၍ မဆပ်နိုင်သောကြောင့် နောင်လှိုင်ကျေးရွာ အုပ်စုအား ငွေတောင်းခံထားကြောင်း ဒေသခံများက ပြောသည်။

ဗိုလ်မှူးကြီး ရဲထွဋ်း ဦးဆောင်သည့် ခြေမြန်တပ်ရင်းသည် ဖယ်ခုံမြို့နယ် နောင်လှိုင်ကျေးရွာအုပ်စုရှိ ကျေးရွာ ဥက္ကဌများနှင့် အတွင်းရေးမှူးများကို ပြီးခဲ့သည့် သြဂုတ်လက ခေါ်ယူဆွေးနွေးခဲ့ပြီး စာချုပ်လက်မှတ် ရေးထိုးကာ လာမည့် ဒီဇင်ဘာလကုန်းပိုင်းတွင် ရွာသူ/သားများက ပေးဆောင်ရတော့မည် ဖြစ်သည်။

နောင်လှိုင်ကျေးရွာအုပ်စုများ ဖြစ်သော နောင်လှိုင်၊ အပေါ်ကုန်း၊ ကွမ်လုံနှင့် လာဟွဲ စသည့် ကျေးရွာများအနက် တရွာချင်းစီနှင့် တအိမ်ထောင်ချင်းစီလျှင် မည်မျှပေးဆောင်ရမည်ကို မသိရသော်လည်း ထောင်ဂဏန်းနှင့် သောင်းဂဏန်း ဟူ၍ ပေးကြသည်ကို တွေ့ရှိရကာ အချို့ရွာသားများက ပေးဆောင်မည် မဟုတ်ဟု  ပြောဆိုသူ များလည်း ရှိနေသည်။

နောင်လှိုင်ကျေးရွာ ဒေသခံတစ်ဦးမှ “ကျနော်တို့ ရွာသားတွေအတွက် ခက်တယ်ပေါ့။ တနှစ်တစ်နှစ်မှာ လယ်ယာလုပ်စားဖို့တောင်မှ မရှိဘူးလေ။ လယ်ယာလည်း မရှိဘူး။ နောက်ပြီးတော့ တရက်လုပ် တရက်ပဲ စားနေတော့ သူတို့ တောင်းထားတဲ့ ဟာလောက်တော့ ပေးနိုင်စရာအကြောင်း မရှိဘူး” ဟု ပြောသွားပါသည်။

စစ်အစိုးရတပ်သည် အခြားသော ကျေးရွာအုပ်စုများကို မတောင်းထားဘဲ နောင်လှိုင်ကျေးရွာအုပ်စုတခုကိုသာ တောင်းခံထားသည့်အတွက် ရွာသူ/သားများက စကားများနေကြကြောင်း၊ ယင်းကျေးရွာအုပ်စုသည် ၎င်းတို့ တပ်စခန်းနှင့် အနီးစပ်ဆုံး နေရာရှိနေ၍ တောင်းထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ကြသည်။

ယခု စစ်အစိုးရတပ် ၀ယ်ယူထားသည့် လယ်ယာသည် ဖယ်ခုံမြို့နယ် ကရင်ကျေးရွာအုပ်စုမှ ရွာသားတဦး၏ လယ်ယာ ဖြစ်ပြီး လယ်ယာများအနက် ပိုမိုကောင်းသည့် လယ်ယာကို ရွေးချယ်ထားခြင်း ဖြစ်သည်ဟု ငွေကြေးတောင်းခံထားခြင်းခံရသော ဒေသခံရွာသားတစ်ဦး ကပြောသည်။

“ရွာသားတွေက မခံနိုင်ဘူးလေ။ မပေးချင်ဘူးပေါ့။ ဘာဖြစ်လဲဆိုတော့ သူတို့ အုပ်ချုပ်မှု စနစ်တွေက ရွာသား တွေအတွက် မကိုက်ညီဘူးလေ။ သူတို့က တိုင်းပြည်ကို အုပ်ချုပ်ရမှာ။ တိုင်းပြည်ကို မအုပ်ချုပ်ပဲနဲ့ ရွာသူ၊ သား တွေ သွားပြီး အနိုင်ကျင့်နေတယ်။ ဒီလယ်ယာကို လုပ်မယ်ဆိုလည်း သူတို့ ကိုယ်တိုင်လုပ်မှာ မဟုတ်ဘူး။ ရွာသူ၊ သားတွေကို လုပ်ခိုင်းအုံးမှာ” ဟုဆိုသည်။

မြန်မာစစ်အစိုးရတပ်များသည် ထောက်ပ့ံကြေး အလုံအလောက် မရရှိတော့၍ ၎င်းတို့ ကိုယ်တိုင်ရှာဖွေလုပ်ကိုင် စားသောက်ရန် လယ်ယာ ၀ယ်ထားရခြင်းဖြစ်သည်။ ရှမ်းနှင့် ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်းရှိ နောင်လှိုင် ကျေးရွာအုပ်စုတွင် ကယား၊ ကယန်း (ပဒေါင်)နှင့် ပအိုဝ်း စသည့်လူမျိုးများ နေထိုင်ကြပြီး ကယားလူမျိုး အများ ဆုံးရှိသည်။