နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံရှိ အထင်ကရ ဒေသများကို လာရောက် လည်ပတ်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၃ ဦး နှလုံးရောဂါဖြင့် အောက်တိုဘာလအတွင်း သေဆုံးခဲ့ကြောင်း နေပြည်တော်ရှိ မြန်မာ့ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြောသည်။
ဂျာမန်နိုင်ငံသား Mr. Vahnifch Joathin အသက် (၆၀) နှစ်၊ စပိန်နိုင်ငံသား Mr. Jesus Uriutia Lopes အသက် (၇၈) နှစ်နှင့် ဆွစ်ဇာလန်လူမျိုး Ms.Rein Hant Meier Siliviar အသက် (၅၃) နှစ် တို့သည် ယခု ၁၅ ရက်၊ ၂၅ ရက်၊ နှင့် ၂၆ ရက်တို့တွင် သေဆုံးသွားကြခြင်း ဖြစ်သည်။
“ဂျာမန်သားက ညောင်ဦးက သူတည်းခိုတဲ့ ဟိုတယ်မှာ ဆုံးနေတာကိုတွေ့ခဲ့ရတယ်။ စစ်ဆေးတော့ သူ့မှာ နှလုံးသွေးကြောပိတ် ရောဂါနဲ့ ဆုံးတယ် လို့ သိရတယ်။ သူ့ကို မီးသဂြိုလ်ပြီးတော့ ကျန်ရှိတဲ့ အရိုးပြာတွေကို ဒီက ဂျာမဏီသံရုံး အစီစဉ်နဲ့ ပို့လိုက်ပါတယ်။ ” ဟု ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသူအောင်က မဇ္ဈိမသို့ ပြောသည်။
ကွယ်လွန်သူ ဂျာမန်နိုင်ငံသားသည် တသီးပုဂ္ဂလ အစီအစဉ်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ စပိန်နိုင်ငံသား ဖြစ်သူသည် Adventure Myanmar Co. Ltd.., ခရီးသွားကုမ္ပဏီ အစီစဉ်ဖြင့် ရောက်ရှိလာသူ ဖြစ်ပြီး၊ သူတည်းခိုရာ ပုဂံ-ညောင်ဦးမြို့ပေါ်ရှိ Bagan Golf Resort Hotel တွင် သေဆုံး ခဲ့သည်။
“အဲဒီဟိုတယ်ရဲ့ ရေကူးကန်မှာ ရေကူးတန်းလန်းနဲ့ပဲ ဆုံးတယ်။ ရေနစ်တာ မဟုတ်ပါဘူး။ ရေကူးကန် အပေါ်တက်ပြီးမှ ဆုံးသွားတာပါ။ သူ့အလောင်းကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ကို ပို့ပေးလိုက်ပါပြီ” ဟု ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။
Asia Trails Tour ခရီးသွား ကုမ္ပဏီဖြင့် မြန်မာနိုင်ငံ ရောက်ရှိလာသူ သေဆုံးသွားသူ ဆွစ်ဇာလန် အမျိုးသမီးသည် ၂၆ ရက်နေ့၌ ပခုက္ကူမြို့ အနီးတွင် ညအိပ်ရပ်နားနေစဉ်မှာပင် စီးနင်းလာသည့် ပေါက်ကံရေယာဉ်ပေါ်တွင် သေဆုံးသွားခဲ့သည် ။
ရန်ကုန်တိုင်းတွင်းရှိ Asia Trails Tour ခရီးသွား ကုမ္ပဏီအဆိုအရ သေဆုံးသူ အမျိုးသမီးအလောင်းကို နေရပ်တိုင်းပြည် ပြန်လည်ပို့ဆောင်ရန် စီစဉ်နေဆဲဖြစ်သည်ဟု ဆိုသည်။
သေဆုံးမှှုအားလုံးမှာ နှလုံးရောဂါကြောင့်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခရီးသွားပို့ဆောင်ရေး ကုမ္ပဏီများသို့ အောက်တိုဘာ ၃၁ ရက်နေ့တွင် ပေးပို့သော စာတွင်ပါရှိသည်။
မိုးရာသီအကုန်၊ နွေဥတု ကူးပြောင်းချိန်တွင် အပူချိန်မတည်ငြိမ်သည့်အတွက် အသက်ကြီးသူများ အသက်ဆုံးရှုံးမှုများ ကြံုရတတ်ကြောင်း နေပြည်တော်ရှိ ဝန်ကြီးဌာနက ဆိုသည်။
“အခုလိုဆုံးတာတွေရှိပေမဲ့ ခရီးသွားလုပ်ငန်းတွေကို မထိခိုက်ပါဘူး။ ဧည့်သည်တွေက ဝင်လာနေတာပဲ” ဟု လက်ထောက်ညွှန်မှူး ဦးသူအောင်က ပြောသည်။
မြန်မာနိုင်ငံရှိ ခရီးသွား လုပ်ငန်းရှင်များကို ၎င်းတို့ကုမ္ပဏီများမှတဆင့် လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအား ကျန်းမာရေးနှင့် ပတ်သက်သည့် ဂရုပြုရန် အချက်များကို အသိပေးဆောင်ရွက်သွားရန် ဝန်ကြီးဌာန၏ စာတွင် ပါရှိသည်။