သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ရန် တရုတ်ကို ဆန္ဒပြကြ

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ရန် တရုတ်ကို ဆန္ဒပြကြ
ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့က တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်ပို့နိုင်ရန် မြန်မာနိုင်ငံကို ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်မည့် စီမံကိန်းအား ဆိုင်းငံ့ပေးထားရန် တရုတ်အစိုးရအား ယနေ့ ဆန္ဒပြ ...

မဇ္စျိမ (ချင်းမိုင်) ။      ။ ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့က တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်ပို့နိုင်ရန် မြန်မာနိုင်ငံကို ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်မည့် စီမံကိန်းအား ဆိုင်းငံ့ပေးထားရန် တရုတ်အစိုးရအား ယနေ့ ဆန္ဒပြ တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးနှင့့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ ဂျန်တားမန်တား ပန်းခြံတွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ပိုက်လိုင်း စီမံကိန်းဆိုင်းငံ့ရန် လက်မှတ်ထိုး တောင်းဆိုစာလည်း ပေးခဲ့ သည်။

မူလအစီအစဉ်အရ နိုင်ငံပေါင်း ၂၀ မှ လူမှုရေးနှင့် နိုင်ငံရေးပါတီများ ပါဝင်သော အဖွဲ့ ၁၁၅ ဖွဲ့က အာရှနှင့် ဥရောပ အပါအဝင် ၁၁ နိုင်ငံရှိ တရုတ်သံရုံးများရှေ့တွင် ဆန္ဒပြမည်ဖြစ်ပြီး စီမံကိန်းဆိုင်းငံ့ထားရန် ၎င်းတို့ စုပေါင်း လက်မှတ်ထိုးထားသော စာကိုလည်း ပေးအပ်မည် ဖြစ်သည်။

လတ်တလော၌မူ ၈ နိုင်ငံ၌ ဆန္ဒပြခဲ့ကြောင်း ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသားများအပါအဝင် လူ ၁၀ ဦးကျော်ဖြင့် ဆန္ဒပြခဲ့သော ရွေဂတ်စ် လှုပ်ရှားမှုအဖွဲ့မှ တာဝန်ခံတဦးဖြစ်သူ ကိုဝင်းအောင်က ပြောသည်။

“လုံးခြံုရေးအရ ကျနော်တို ၁၀ ကျော်ပဲ သွားပြတာပါ။ လောလောဆယ် မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ အင်္ဂလန်၊ ထိုင်း၊ ဆွီဒင်၊ ဖိလစ်ပိုင် အဲဒီလောက်ပဲ သိရသေးတယ်။ လက်မှတ်ထိုး စာပေးမှာကတော့ သေချာတယ်လေ” ဟု သူက မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်ဖြူဆိပ်ကမ်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ပိုက်လိုင်း စီမံကိန်း ရပ်တန့်ရန် တရုတ်သမ္မတ ဟူကျင်းတောင်းထံသို့ လိပ်မူ၍ ပေးပို့သည့် စာတွင် “မြန်မာ လူထု၏ လူ့အခွင့်အရေးနှင့် လုံခြံုရေးအပါအဝင် ဒေသလုံ ခြံုရေးကို ထိခိုက်နိုင်ကြောင်း၊ တရုတ်နိုင်ငံ အတွက်လည်း ဘဏ္ဍာရေး အခက်အခဲ ဖြစ်စေပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်နိုင်သဖြင့် ယင်းဆိုးကျိုး များ ဖြေရှင်းနိုင်သည်အထိ ပိုက်လိုင်း တည်ဆောက်မှုကို ဆိုင်းငံ့ထားပေးရန်” ဟူ၍ဖော်ပြထားသည်။

“ဒေသတွင်းလုံခြံုရေးဆိုတာက အာရှပစိဖိတ်လုံခြုံရေးပေါ့။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေရဲ့ လုံခြံုရေးပေါ့။ စီးပွားရေးအရရော၊ လူမှုရေးအရရော၊ ပြည်တွင်းမှာ မငြိမ်မသက်မှုတွေ၊ စီးပွားရေးဆိုင်ရာ လူမှုရေးဆိုင်ရာ မလိုလားအပ်တဲ့ ဒုက္ခသည်တို့ ဒါတွေက ဒေသတွင်း လုံခြံုရေးနဲ့ ဆိုင်တယ်” ဟု ကိုဝင်းအောင် ကဆိုသည်။

လက်ရှိအခြေအနေတွင် ပိုက်လိုင်းတည်ဆောက်ခြင်း မရှိသေးသော်လည်း စတင်တည်ဆောက်မယ့် ကျောက်ဖြူမြို့နယ်နှင့် အနီးဝန်းကျင်တွင် စစ်တပ်အင်အားများ တိုးချဲ့ထားပြီး စစ်တပ်မှ လယ်ယာသိမ်း ပိုက်မှု၊ တံငါသည်များအား ရိုက်နှက်ခြင်း၊ ငါးဖမ်းသည့် နေရာများအား ပိတ်ပင်ခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ရေနံ၊ ရခိုင်ကမ်းလွန်ရှိ “ရွှေဂတ်စ်” သဘာဝ ဓာတ်ငွေ့ စီမံ ကိန်းမှ ဓာတ်ငွေ့များကို ကီလိုမီတာ ၄၀၀၀ ရှည်လျားသည့် ပိုက်လိုင်းဖြင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများကို ဖြတ်သန်း၍ တင်သွင်းမည် ဖြစ်သည်။ ယင်းပိုက် လိုင်းအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ကုန်ကျခံမည် ဖြစ်သည်။

အရှိန်အဟုန်ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာနေသောကြောင့် စွမ်းအင်ပိုမိုလိုအပ်နေ သဖြင့် တရုတ်၏ ပြည်ပမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုများထဲတွင် တတိယအကြီးဆုံး ရင်းနှီးမြုတ်နှံမှုလည်း ဖြစ်သည်။

ရွှေဂတ်စ် လုပ်ကွက်များကို ၂၀၀၃ ခု နှစ်ကုန်ပိုင်းတွင် တွေ့ရှိခဲ့ပြီး သဘာဝဓာတ်ငွေ့ ၂၀၀ ဘီလီယံ ကုဗမီတာ ထွက်ရှိမည်ဟု တွက်ချက်ထားကာ အရှေ့တောင်အာရှ၌ အကြီးဆုံးဖြစ်သည်။

ရွှေဂတ်စ် သဘာဝဓာတ်ငွေ့ ရှာဖွေရေး စီမံကိန်းတွင် တရုတ်အစိုးရပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၊ တောင်ကိုရီးယား ဒေဝူးကုမ္ပဏီ၊ အိန္ဒိယမှ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India-GAIL တို့သည် မြန်မာလျှပ်စစ်လုပ်ငန်း MOGE နှင့် ပူးတွဲ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ယင်းသဘာဝဓါတ်ငွေ့အား တောင်ကိုရီးယား၊ အန္ဒိယ၊ ဂျပန်၊ ထိုင်းနှင့် တရုတ်တို့က ဝယ်ယူနိုင်ရန် ပြိုင်ဆိုင် ခဲ့ကြသော်လည်း မြန်မာစစ်အစိုးရက တရုတ်နိုင်ငံကိုသာ ရောင်းချခဲ့သည်။

မြန်မာစစ်အစိုးရသည် ရွှေဂတ်စ်စီမံကိန်းမှ သဘာဝဓါတ်ငွေ့ ရောင်းချခြင်းဖြင့် အနှစ် ၃၀ အတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ အကျိုးအမြတ်ရရှိမည် ဖြစ်ကြောင်း ရွှေဂတ်စ်လှုပ်ရှားမှု၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ကျော်ခ သတင်းပေးပို့သည်။ကိုဝိုင်း တည်းဖြတ်သည်။)

Most read this week