နယူးဒေလီ။ ။ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်အခြေစိုက် လူမှုရေးအဖွဲ့ - မြန်မာ Egress က ရန်ကုန်ရှိ ရခိုင်အမျိုးသားများနှင့်တွေ့ဆုံ၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရန် ယခုလ ၁၈ ရက်နေ့တွင် ဟောပြောပွဲတရပ် ကျင်းပခဲ့ကြောင်း ဟောပြောပွဲ တက်ရောက်သူများ အဆိုအရ သိရသည်။
မြန်မာ Egress ရုံးခန်း တည်ရှိရာ သမ္မတဟိုတယ်တွင် ရန်ကုန်ရှိ ရခိုင်အမျိုးသားများကို ဖိတ်ကြားကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ရေး အတွက် ''၂၀၁၀ နှင့် ရခိုင်လူမျိုးများ၏ အခန်းကဏ္ဍ'' ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။
“ဟောပြောပွဲကို တက်တာက ဗဟုသုတအနေနဲ့ တက်တာဖြစ်တယ်။ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မရှိဘူး။ ကျနော်တို့က ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုရေးကိစ္စတွေကို ကူညီတဲ့အသင်း ဖြစ်တယ်။ နိုင်ငံရေးအခြေအနေ ဘယ်လိုပဲ ပြောင်းပြောင်း၊ လူမှုရေး အဖွဲ့အစည်းအနေနဲ့ပဲ ရပ်တည်မှာ ဖြစ်တယ်” ဟု ရန်ကုန်အခြေစိုက် ရခိုင်သဟာယ အသင်းမှ အကြီးအကဲတဦးက မဇ္စျိမကို ပြောသည်။
ဟောပြောပွဲ တက်ရောက်ရန်အတွက် မြန်မာ Egress က ရခိုင်အမျိုးသားများကို အီးမေးလ်မှတဆင့် ဖိတ်ကြားခဲ့ပြီး၊ စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်သည်ဟု ဖိတ်ခေါ်ခဲ့သည်။
ရခိုင်သဟာယအသင်းမှ အဖွဲ့ဝင်တဦးက “ရန်ကုန်မှာရှိတဲ့ ရခိုင်အားလုံးကို ဖိတ်တာ။ တက်တဲ့သူတွေကလည်း အသင်းကို ကိုယ်စားပြုပြီး တက်တာ မဟုတ်ဘူး။ တက်သင့်တဲ့ ဟောပြောပွဲတခုမို့ တက်ဖြစ်တာပါ။ ကျနော်တို့အရင် ကချင်နဲ့ ကရင် တိုင်းသားတွေကို ကျနော်တို့လို ဟောပြောပွဲ လုပ်ခဲ့သေးတယ်” ဟု ပြောသည်။
ဟောပြောပွဲတွင် မြန်မာ Egress ထူထောင်ရာတွင် ပါဝင်သူများဖြစ်သည့် ဒေါက်တာနေဝင်းမောင် (အမှုဆောင် အရာရှိချုပ် Living Colour မဂ္ဂဇင်းနှင့် The Voice ဂျာနယ်) နှင့် ဦးလှမောင်ရွှေ (ဥက္ကဋ္ဌ၊ မြန််မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များ အသင်း) အပါအဝင် အဖွဲ့တာဝန်ရှိသူများက ဦးဆောင်ခဲ့ကြသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများအနေဖြင့် စည်းလုံးညီညွတ်စွာ ပါဝင်အရွေးခံသွားရန် မြန်မာ Egress က တိုက်တွန်းခဲ့ကြောင်း ဟောပြောပွဲ တက်ရောက်သူများက ပြောဆိုသော်လည်း မြန်မာ Egress မှ တာဝန်ရှိသူများထံ ဆက်သွယ်၍ မရသဖြင့် အသေးစိတ် မေးမြန်းခွင့် မရခဲ့ပါ။
ရခိုင်သဟာယအသင်းကို ၁၉၄၆ ခုနှစ်တွင် Arakan Social Club အမည်ဖြင့် တည်ထောင်ခဲ့ပြီးနောက်၊ ၁၉၆၁ ခုနှစ်တွင် လက်ရှိ အမည်အတိုင်း ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
အသင်းသည် ရခိုင်လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ်တွင် ပညာရေး အကူအညီများ စတင်ပေးအပ်ခဲ့သည်။ ယခုထိ ရခိုင် တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်ကို ပညာသင်စရိတ် ထောက်ပံ့ပြီး ဖြစ်သည်။
မြန်မာ Egress က လာမည့်လ ၈ ရက်နေ့တွင် ဟောပြောပွဲတရပ် ထပ်မံပြုလုပ်မည်ဟု ရခိုင် အမျိုးသားများကို ကြေညာခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ဟောပြောပွဲကို ဖျက်သိမ်းလိုက်ကြောင်း အီမေးလ်မှတဆင့် နောက်ပိုင်းတွင် အကြောင်းပြန်ကြားခဲ့သည်။
(ခိုင်စု သတင်းပေးပို့သည်။ ရဲရင့်အောင် တည်းဖြတ်သည်။)