နယူးဒေလီ။ ။ မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့်နှင့် စပ်လျဉ်းပြီး ဝေဖန်ထားသည့် အစီရင်ခံစာ တစောင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။
စစ်အစိုးရသည် နိုင်ငံတော်က ထောက်ပံ့ ပျိုးထောင်သော ဗုဒ္ဓဘာသာကို မျက်နှာသာပေးခြင်း၊ ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခြင်း စသည်တို့ကို လုပ်ဆောင်နေပြီး တချိန်တည်းတွင် ဗုဒ္ဓဘာသာဝင်နှင့် အခြား ဘာသာဝင်တို့၏ နိုင်ငံရေး ဆောင်ရွက်ချက်များကိုလည်း စနစ်တကျ ပိတ်ပင် တားဆီးမှုများ ပြုလုပ်နေသည်ဟု တနင်္လာနေ့က ထုတ်ပြန်လိုက်သော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအရေး ဗျူရို၏ ၂၀၀၉ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာတွင် စွပ်စွဲရေးသားထားခြင်း ဖြစ်သည်။
''စစ်အစိုးရသည် ဘာသာရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများကို ပစ်မှတ်ထား တိုက်ခိုက်ရန် အလို့ငှာ အီလက်ထရောနစ် ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ မတရားအသင်း ဥပဒေများ အပါအဝင် ဘာသာရေးနှင့် မပတ်သက်သည့် ဥပဒေများကို အသုံးပြု ဖိနှိပ်နေသည်'' ဟု အစီရင်ခံစာက ဆိုသည်။
''အစိုးရသည် အဖွဲ့အစည်း အားလုံးနီးပါးအတွင်း ထိုးဖောက် ဝင်ရောက်ထားပြီး၊ ဘာသာရေး ပွဲလမ်းများကို စောင့်ကြည့်နေကာ တဦးချင်းသော် လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဝတ်ပြု ကိုးကွယ်ခြင်းများကို သူတို့၏ နေရာအနှံ့ ပျံ့နှံ့နေသော ပြည်တွင်းလုံခြံုရေး ယန္တရားကို အသုံးပြု၍ ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေသည်'' ဟု အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။
သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများကို အထူးသဖြင့် ရည်ညွှန်းကာ ဗိုလ်ချုပ်ကြီးများသည် `ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် နိုင်ငံရေး လွတ်လပ်ခွင့် မြှင့်တင်ရေး ဆောင်ရွက်ချက်တို့ကို စနစ်တကျ ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ရန်´ ကြိုးပမ်းခဲ့သည်ဟု အစီရင်ခံစာက ရေးထားသည်။
အမေရိကန် အာဏာပိုင်များက တိုင်ပင် ဆွေးနွေးခဲ့သူများ အပြောအရ မြန်မာနို်င်ငံတွင် အကျဉ်းချခံနေရသူ သံဃာတော်များ ၂၀၀ ခန့်ရှိပြီး၊ ထိုအထဲမှ လေးပုံသုံးပုံမှာ ရွှေဝါရောင် တော်လှန်ရေးအပြီး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုအတောအတွင်း စစ်အစိုးရ၏ အကျိုးစီးပွားနှင့်အညီ ဗုဒ္ဓဘာသာကို ထွန်းကားအောင် ပြုလုပ်ရေးသည် စစ်အစိုးရအတွက် ရည်မှန်းချက် ပန်းတိုင်တရပ် ဖြစ်မြဲဖြစ်နေကာ ပုဂ္ဂိုလ်ရေးအရ အဆင့်မြင့်ရာထူး တိုးရေးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း နည်းလမ်းလည်း ဖြစ်နေသည်။
`လက်တွေ့အားဖြင့် အစိုးရ ဝါဒဖြန့်ချိရေးကိုသုံးပြီး ထေရဝါဒ ဗုဒ္ဓသာသနာကိုသာ သူတို့ လိုလားကြောင်း အစိုးရက ဆက်လက်ပြသခဲ့သည်။ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းကန်များကို လှူဒါန်းခြင်း၊ ကျေးလက်ဒေသများရှိ ဘုန်းကြီးကျောင်း ပညာရေးလုပ်ငန်းများကို အားပေး အားမြှောက် ပြုခြင်း၊ သာသာနာပြု လုပ်ငန်းများကို ထောက်ပံ့ခြင်း စသည်တို့ အပါအဝင် နို်င်ငံတော်က ကြီးမှူးကျင်းပသော ပွဲလမ်းများကို ကျင်းပ ပေးခဲ့သည်။
စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို သဘောမကျကြောင်း ထိုအစီရင်ခံစာတွင် ရေးသားထားသေးသည်။ ထိုဖွဲ့စည်းပုံအရ သာသနာ့ ဝန်ထမ်းများကို မဲပေးခွင့် ပေးမထားဘဲ ဘာသာရေးကို ဖိနှိပ်သည့်အနေနှင့် ဖွဲ့စည်းပုံတွင် ပြည်သူ့ ငြိမ်ဝပ်ပိပြားရေး၊ အကျင့်သိက္ခာ၊ ကျန်းမာရေး နှင့် အခြား ပြဋ္ဌာန်းချက်မျာကို ထည့်သွင်း ပြဋ္ဌာန်းထားသည်။
မြန်မာနို်င်ငံရှိ မည်သည့် ဖွဲ့စည်းပုံတွင်မျှ သာသနာ့ ဝန်ထမ်းများကို မဲပေးခွင့် ပေးမထားခဲ့ပါ။
အစီရင်ခံစာတွင် အစိုးရက အတင်းအကျပ် ဘာသာပြောင်းလဲ သွတ်သွင်းခြင်းများ မရှိဟု ရေးသားထားသော်လည်း စစ်အစိုးရသည် ဗုဒ္ဓဘာသာဝင် မဟုတ်သူများကို ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ သွတ်သွင်းရန် နည်းလမ်း ပေါင်းစုံသုံးကာ ကြိုးပမ်းမှုများ ရှိခဲ့ကြောင်း ဖော်ထုတ် ရေးသားထားသည်။
ဗုဒ္ဓဘာသာကို အခြားလူနည်းစု ဘာသာများထက်ပို၍ ထွန်းကားအောင် အစိုးရက လုပ်ပေးခြင်းသည် မြန်မာ့ခေတ်သစ် သမိုင်းတွင် အခိုင်အမာ အမြစ်တွယ်နေသော အချက်သာ ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်ထားသည်။
`အရပ်သားနှင့် စစ်အစိုးရ အဆက်ဆက်သည် ဘာသာရေး လွတ်လပ်ခွင့် ဆိုသည်ကို သူတို့၏ ဗဟိုအာဏာနှင့် အမျိုးသား ညီညွတ်ရေးကို ခြိမ်းခြောက်နေသော အရာများဖြစ်သည်ဟု ယူဆခဲ့ကြသည်´ ဟု ရေးထားသည်။
မြန်မာနို်င်ငံရှိ ရိုဟင်ဂျာ မူဆလင်များသည် စစ်အစိုးရ၏ ရွေးချယ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရသူများ ဖြစ်သည်။ သူတို့သည် ယခုထိလည်း မြန်မာ့လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတရပ် ဖြစ်ကြောင်း ဖော်ပြသည့် အမျိုးသား မှတ်ပုံတင်ကဒ်ကိုလည်း မရရှိပါ။
၂၀၁၀ နှစ်ဆန်းတွင် ထွက်ရှိလာမည်ဟု မျှော်လင့်ထားသည့် ကမ္ဘာတလွှား ဘာသာရေး လွတ်လပ်ခွင့် အဆင့်အတန်းကို ဖော်ပြသည့် ဝါရှင်တန်၏ နှစ်စဉ် တရားဝင် အစီရင်ခံစာတွင် မြန်မာနို်င်ငံသည် အထူးစိုးရိမ်ရသော နိုင်ငံ (Country of Particular Concern – CPC) အဖြစ် သတ်မှတ်ခံ ရနိုင်သည်ဟု အများက မျှော်လင့်နေကြသည်။
ဤအဖွဲ့ကို ၁၉၉၉ ခုနှစ်တွင် ဖွဲ့စည်းထူထောင်ပြီး ကတည်းက မြန်မာနိုင်ငံသည် ဤစာရင်းတွင် နှစ်စဉ် ပါရှိခဲ့သည်။
ဘာသာရေး လွတ််လပ်ခွင့်ကို ကမ်းကုန်အောင် ဆက်လက် ချိုးဖောက်နေသော နိုင်ငံများ၏ အစိုးရများကို ထိုသို့ CPC အဆင့်အတန်းဖြင့် သတ်မှတ် ဖော်ပြလေ့ ရှိသည်။ ဤသို့ သတ်မှတ်ခံရခြင်းကြောင့် ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ခံရနိုင်သည်။ သို့သော် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ် နို်င်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေ မပြဋ္ဌာန်းမီကပင် ထိုသို့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ခံခဲ့ရပြီး ဖြစ်သည်။