ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သီရိလင်္ကာနိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရှေ့လအတွင်း သွားရောက်လည်ပတ်မှာ ဖြစ်သည်ဟု စစ်အစိုးရ သတင်းရပ်ကွက်များအရ သိရသည်။
ခရီးစဉ် အသေးစိတ်နှင့် ပတ်သက်၍ စုံစမ်း၍ မရနိုင်သေးသော်လည်း ဝန်ကြီးများနှင့် အရာရှိအများအပြား ပါဝင်မည့် ခရီးစဉ်ကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ဖွယ်ရှိပြီး အသစ်ဝယ်ယူထားသည့် မြန်မာအဲယားဝေး အင်တာနေရှင် (အမ်အေအိုင်)၏ လေယာဉ်ဖြင့် သွားရောက်မှာဖြစ်ကာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နေပြည်တော်သို့ ပြန်ရောက်ဖွယ် ရှိသည်ဟု သတင်းရပ်ကွက်များက ပြောသည်။
ခရီးစဉ်သည် ဇွန်လအတွင်းက သီရိလင်္ကာသမ္မတ Mahinda Rajapaksa လာရောက် လည်ပတ်မှုနောက် အပြန်အလှန်အားဖြင့် သွားရောက်ရခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်အတွင်း သီရိလင်္ကာရှိ ဘာသာရေးဆိုင်ရာ နေရာများကိုလည်း ဘုရားဖူး သွားရောက်မှာ ဖြစ်သည်။
အသုံးအဖြံုး ကြီးလွန်းလှသည်ဟု နာမည်ကျော်သော စစ်ခေါင်းဆောင်၏ မိသားစုသည်လည်း ခရီးစဉ်တွင် ပါဝင်မည်ဟု သိရသည်။