ရွှေလီ (မဇ္စျိမ) ။ ။ အပစ်ရပ် ကိုးကန့်အဖွဲ့ MNDAA နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားပြီး ၂ လခန့် အကြာ၊ ယခုလ ၂၄ ရက်နေ့ ညပိုင်းတွင် ရှမ်းပြည် (မြောက်ပိုင်း) ကိုးကန့်မြို့တော် လောက်ကိုင်၌ ဗုံး ၁၂ လုံးခန့် ပေါက်ကွဲခဲ့သည်။
မြန်မာစစ်တပ်က MNDAA ကို ခေါင်းဆောင်သစ်များဖြင့် ပြန်လည်ဖွဲ့စည်းကာ ဒေသတခုလုံးကို စစ်တပ် ထိန်းချုပ်မှုအောက် ထားရှိစဉ် ဥက္ကဋ္ဌအသစ် ဦးပိုင်စိုချိန် ပိုင်ဆိုင်သည့် ရွှေဆိုင်နှင့် တရုတ်ဗိသုကာ ဘုံ ရ ဆင့် အဆောက်အဦး အနီး၌ ဗုံးများ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“၂၄ ရက်နေ့ ညက ၈ နာရီကနေပြီး ၁၂ နာရီလောက်အထိပေါ့။ ဗုံး ၁၂ လုံး ကွဲတယ်။ လောက်ကိုင်မြို့မှာ ဘုံ ရ ဆင့် အဆောက်အဦးဆိုတာ ရှိတယ်။ တရုတ်ပုံစံမျိုး အဆောက်အဦးကြီးပေါ့။ အဲဒီနားမှာ ကွဲတဲ့ဗုံးက ပိုပြီး ပြင်းထန်တယ်” ဟု ကိုးကန့်ဒေသတွင် နေထိုင်သူ ကုန်သည် တဦးက မဇ္စျိမကို ပြောသည်။
တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။ ပေါက်ကွဲမှုများကြောင့် လူနှင့် အဆောက်အဦးများ သေကြေပျက်စီးမှု မရှိခဲ့ကြောင်းနှင့် မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရသေးပါ။ သို့သော် ဗုံးပေါက်ကွဲမှုများကြောင့် ဒေသခံများကြား စိုးရိမ်မှုများ တိုးပွားလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းတွင် MNDAA နှင့် မြန်မာစစ်တပ်အကြား ၄ ရက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကိုးကန့်ဒေသခံ ၃ သောင်းခန့် သည် စစ်ဘေးလွတ်ရာ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံခဲ့ရာ ယခုအခါ လူဦးရေ၏ ၃ ပုံ ၁ ပုံခန့်သာ နေရပ်သို့ ပြန်လာရောက်သေးကြောင်း ကိုးကန့်ဒေသနေ ကုန်သည်ကပင် ပြောပြသည်။
အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရန် စစ်အစိုးရက အဆိုပြု ထားစဉ် MNDAA ဥက္ကဋ္ဌနှင့် ကိုးကန့်တပ် အကြီးအကဲ ဦးဖုန်ကျားရှင်းက လက်မခံဘဲ ငြင်းဆန်ခဲ့သည်။
ထိုအခါ MNDAA တွင် လက်နက်စစ်ရုံနှင့် မူးယစ်ဆေးဝါးလုပ်ငန်း ရှိသည်ဟု စစ်တပ်က အကြောင်းပြကာ ကိုးကန့်ဒေသအတွင်း ထိုးစစ်ဆင်ခဲ့ရာ၊ ဦးဖုန်ကျားရှင်းသည် သူ၏ MNDAA တပ်ဖွဲ့နှင့်အတူ ကိုးကန့်ဒေသမှ ထွက်ခွာတိမ်းရှောင်သွားခဲ့သည်။
ယခုအခါ လောက်ကိုင်တွင် စစ်အစိုးရက ဒေသကွပ်ကဲရေးစစ်ဌာနချုပ် - ဒကစ (လောက်ကိုင်) တခု အခြေစိုက် ဖွင့်လှစ်ထားပြီး၊ တိုက်ခိုက်ရေး တပ်ရင်း ၁၀ ရင်းခန့်လည်း မြို့တော်အနီးတဝိုက်တွင် တပ်စွဲထားသည်။