ကြပ်ပြေး ဆောက်လုပ်ရေး အကြွေးဆပ်ရန် ကျိုင်းတုံကားလေလံပွဲ ၀ တပ်ဖွဲ့အများဆုံးဝယ်

ကြပ်ပြေး ဆောက်လုပ်ရေး အကြွေးဆပ်ရန် ကျိုင်းတုံကားလေလံပွဲ ၀ တပ်ဖွဲ့အများဆုံးဝယ်
စစ်အစိုးရ၏ ၁၀ ရက်ကြာကျိုင်းတုံ ကားလေလံပစ်ပွဲ၌ အပစ်ရပ် ၀ တပ်ဖွဲ့ က အရပ်သားအမည်အမျိုးမျိုးဖြင့် အများဆုံး ၀ယ်ယူခဲ့ကြောင်း နယ်စပ်သတင်းရပ်က ပြော ...

စစ်အစိုးရ၏ ၁၀ ရက်ကြာကျိုင်းတုံ ကားလေလံပစ်ပွဲ၌ အပစ်ရပ် ၀ တပ်ဖွဲ့ က အရပ်သားအမည်အမျိုးမျိုးဖြင့် အများဆုံး ၀ယ်ယူခဲ့ကြောင်း နယ်စပ်သတင်းရပ်က ပြောပါသည်။

“အခုကားရောင်းပွဲက ကားသစ်တွေရောင်းတာမဟုတ်ဘူး၊ ပြီးခဲ့တဲ့ ၃-၄ နှစ်က အဓမ္မသိမ်းယူထားတဲ့ လိုင်စင်မဲ့ကားတွေကို လိုင်စင်အသစ် (မော်တော်ကားခွန် စာရင်းသစ်) နံပါတ်အသစ် တပ်ပြီး ထုတ်ရောင်းတာ  ”- ဟု ကားရောင်းဝယ်သူ တဦး က ပြောပါသည်။

၀န်ကြီးဦးစိုးသာ ဦးစီးသည့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန က အောက်တိုဘာ ၁၀ - ၂၀ ရက် နေ့အထိ မော်တော်ကားအမျိုးမျိုး အစီး ၈၀၀ ကျော် လေလံပစ်ရောင်းချရာ  ၁၀ ရက် အတွင်း အစီးပေါင်း ရ၈၀ ၊ တစီးပျမ်းမျှတန်ဖိုး ကျပ်သန်း ၄၀ (သိန်း ၄၀၀) ဖြင့် အနည်းဆုံး တရက် ၈၁ စီးခန့်ရောင်းရပြီး ခန့်မှန်းခြေ အားလုံးပေါင်း ကျပ်သန်းပေါင်း ၃၀,၀၀၀ ရရှိကြောင်း၊ ၂၀၀၄ က အမြောက်အများသိမ်းယူခဲ့သည့် လိုင်စင်မဲ့ကားဖြစ်ကြောင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်း ၀ တပ်ဖွဲ့ UWSA တို့ မှ တတိယလူအမည်ဖြင့် အများဆုံးဝယ်ယူကြောင်း - ကားရောင်းဝယ်ရေးအသိုင်း အဝိုင်း က ဆိုပါသည်။

“၀ တွေ အစီး ၂၀၀ လောက်ဝယ်သွားတယ်။ ဒါပေမယ့်သူတို့နာမည်နဲ့မဝယ်ဘူး၊ တခြားသူတွေရဲ့နာမည်နဲ့ဝယ်တာ။ သူတို့လက်ရှိအသုံးပြုနေတဲ့ SW 0001 , SW 0002 နံပါတ်ကားတွေက အရမ်းစစ်ဆေးခံရတယ်လေ။  အခုလေလံကား ကို သူတို့အများဆုံးဝယ်တယ်ဆိုတော့ နိုင်ငံရေး/စစ်ရေးမှာ ဘာထူးခြားလဲဆိုတာ လူတွေစိတ်ဝင်စားနေကြတယ်” - ဟု အဆိုပါပုဂ္ဂိုလ်က ပြော၏။

ကိုးကန့်အရေးအခင်းကာလ နောက်ပိုင်း ၀ တပ်ဖွဲ့နှင့် စစ်အစိုးရကြား တင်းမာမှု ပြေလျှော့လာကြောင်း၊ တောင်ပိုင်း ၀ တပ်ဖွဲ့၏ စိုက်ပျိုးခြံ မွေးမြူရေးခြံများလည်း ပုံမှန်ပြန်လှည်လည်ပတ်လာကြောင်း၊ ထို့အပြင်အချိန်ကြာမြင့်စွာဆွေးနွေးခေါ် ပြော ညှိနှိုင်းမှု လုံးဝမရှိခဲ့သည့်အခြေအနေမှ လာမည့် ၂၅ -၂၆ ရက်တွင်လည်း ၀ နှင့် စစ်အစိုးရကြားဆွေးနွေးမှု ပြန်လည် စတင် နိုင်ဘွယ်ရှိကြောင်း၊ စစ်အစိုးရ၏ BGF အသွင်ပြောင်းရေးအစီအစဉ်ကို မူအားဖြင့်လက်ခံကြောင်း၊ နှစ်ဦးနှစ်ဘက် အလျှော့အတင်း လုပ်သွားမည်ဖြစ်ကြောင်း၊ တောင်ပိုင်းဝ တပ်ဖွဲ့ နယ်ခြားမျဉ်းတလျှောက် စစ်အစိုးရဘက်မှသံချပ်ကာ ကား နှင့် လက်နက်ကြီးချထားမှုများလည်း ပြန်ရုပ်သိမ်းသွားပြီဖြစ်ကြောင်း၊ စစ်အစိုးရလေလံပစ်သော အခွန်ဆောင် / လိုင်စင်ရှိ ကားများ ၀ယ်ခြင်းအားဖြင့် စစ်အစိုးရတပ်စခန်းအနီး/ဂိတ်များ၌ လွယ်လင့်တကူ ဖြစ်သန်းနိုင်မည်ဖြစ်ကြောင်း - ၀ အရာရှိ နှင့် နှီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“နေပြည်တော် ဆောက်လုပ်ရေးတုံးက ကျပ်သန်းပေါင်း သိန်းချီ အကြွေးတင်ထားလို့ အဲဒီ့အတွက် ပြန်ဆပ်ဖို့ အကြံ အဖန် လုပ် ငွေရှာတဲ့သဘော။ ကျိုင်းတုံမှာ လိုင်စင်မဲ့ကားတွေ အစီး ၂၀၀၀ လောက်ရှိတယ်။ အခု လေလံပွဲက တဝက်ကုန်သွားပြီ၊ အနည်းဆုံး အစီး ရ၀၀ လောက်တော့ကျန်အုန်းမယ်” - ဟု တြိဂံစစ်တိုင်းရုံး နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။

စစ်အစိုးရ၏ ကားလေလံပစ်ပွဲအား ယခုလ ၂၉ ရက်နေ့ ရန်ကုန်တွင်ပြုလုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း မြိတ်၊ ထားဝယ်၊ ဘားအံ ၊ မန္တလေး၊ တောင်ကြီး နှင့် လားရှိုးမြို့တို့ပြီးလျှင် ကျိုင်းတုံသို့ တကျော့ပြန်လှည့်လာမည်ဖြစ်ကြောင်း ကားရောင်းဝယ်ရေး အသိုင်းအဝိုင်းက ပြောပါသည်။

မြန်မာ့ကားစျေးကွက်သည် စစ်အစိုးရ၏ တင်းကျပ်သော လိုင်စင်ခွန်ကြောင့် နိုင်ငံတကာကားစျေးကွက်နှင့် ယှဉ်လျှင် အဆ မတန် စျေးကြီးကြောင်း၊ ထိုင်းနိုင်ငံတွင် လက်သစ် Ford ကားတစီး ဘတ်ငွေ ငါးသိန်းခန့်သာရှိသော်လည်း ကျိုင်းတုံကား လေလံပွဲတွင် ဘတ်ငွေတသန်းရှစ်သိန်း (၁,၈၀၀,၀၀၀) ကျကြောင်း၊ လိုင်စင်ခွန်ရှိ စစ်အစိုးရ၏ကားစုတ်ကို ၀ယ်ယူ၍ အများ အားဖြင့် ထိုင်းနိုင်ငံမှ ပုံစံတူ ကားဝယ်ယူအစားထိုးပြီးပြန်ရောင်းမည့်ကြောင်း - အမည်မဖေါ်လိုသည့် ကားပွဲစားတဦး ကပြောပါသည်။