နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ

နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ
by -
မြင့်မောင်
စစ်အစိုးရ ရုံးစိုက်ရာ မြို့တော်သစ် ကြပ်ပြေး နေပြည်တော်တွင် ကမ်းရိုးတန်းသုံး CDMA လက်ကိုင်ဖုန်းများကို ယခုလမှစတင်၍ သုံးစွဲခွင့်ပြုလိုက် ...

နယူးဒေလီ (မဇ္စျိမ)။       ။ စစ်အစိုးရ ရုံးစိုက်ရာ မြို့တော်သစ် ကြပ်ပြေး နေပြည်တော်တွင် ကမ်းရိုးတန်းသုံး CDMA လက်ကိုင်ဖုန်းများကို ယခုလမှစတင်၍ သုံးစွဲခွင့်ပြုလိုက်သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် မြို့တော်ဟောင်း ရန်ကုန်မှ မန္တလေးတိုင်းအတွင်းရှိ မြို့တော်သစ် နေပြည်တော်သို့ စစ်အစိုးရက ပြောင်းရွှေ့ ရုံးစိုက်ရာတွင် ဝန်ထမ်းများသည် လိုင်းဖုန်းကိုသာ သုံးစွဲနိုင်ခဲ့ရာမှ ၄ နှစ်ခန့်အကြာတွင် အခြေခံ အဆောက်အဦနှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ပြီးနောက် CDMA ဖုန်းကို ယခုလ ၉ ရက်နေ့မှ စတင်၍ သုံးစွဲရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

“CDMA မိုဘိုင်းတွေ အားလုံး သုံးခွင့်ရပါတယ်။ CDMA ၄၅၀ ဆိုတဲ့ ကမ်းရိုးတန်းဖုန်း ရှိတဲ့သူ မှန်သမျှ ဘယ်လို လူမျိုးပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်။ ဝန်ထမ်းအားလုံး သုံးလို့ ရပါတယ်” ဟု နေပြည်တော်ရှိ ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ယခင်က နေပြည်တော်တွင် ဆက်သွယ်ရေးအတွက် လိုင်းဖုန်းများအပြင် စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနနှင့် မြန်မာတယ်လီပို့ (Myanmar Teleport) မှ ဖြန့်ချိပေးသော အင်တာနက်ကိုသာ သုံးစွဲခဲ့ရသည်။

“အရင်တုန်းကတော့ လိုင်းဖုန်းတွေပဲ သုံးရတယ်။ မိုဘိုင်းဖုန်းတွေ သုံးလို့မရဘူး။ ဆက်သွယ်ရေးအနေနဲ့ အင်တာနက်တွေတော့ သုံးလို့ ရတယ်။ အင်တာနက်လိုင်းတွေက နည်းနည်းတော့ နှေးတာပေါ့။ အခု မိုဘိုင်းတွေ သုံးခွင့်ရလာတယ်ဆိုတော့ ဝန်ထမ်းတွေအတွက် အဆင်ပြေတာပေါ့” ဟု ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း CDMA ၈၀၀ (ခြင်းဖုန်း)၊ CDMA ၄၅၀ နှင့် GSM ဖုန်းများကို သုံးစွဲရာ GSM သည် စျေးကြီးသဖြင့် အဖိုးချိုသော CDMA ဖုန်းများကိုသာ တွင်ကျယ်စွာ သုံးစွဲလာသည်။ ကိုရီးယားနိုင်ငံလုပ် CDMA ၄၅၀ ဖုန်းခွံ (Hand Set) နှင့် SIM ကဒ်ကို ပြင်ပတွင် ကျပ် ၁၈ သိန်း ပေါက်စျေးရှိပြီး၊ အစိုးရထုတ်စျေးမှာ ကျပ် ၁၅ သိန်းခွဲခန့် ရှိသည်။

၂၀၀၈ မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့် ဒေသများတွင် ဆက်သွယ်ရေး လွယ်ကူစေရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ CDMA ကမ်းရိုးတန်းဖုန်းများ ချပေးခဲ့သည်။

ကယ်ဆယ်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများကို စတင်ချပေးခဲ့သော်လည်း၊ ယခုအခါ ကမ်းရိုးတန်း ဒေသများတွင် သာမက ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းများတွင် ကျယ်ပြန့်စွာ သုံးစွဲနိုင်ပြီဖြစ်သည်။ သို့သော် CDMA ၈၀၀ ကို စစ်အစိုးရက ရောက်ချခြင်း မရှိတော့သဖြင့် CDMA ၄၅ဝ ကိုသာ အသုံးများသည်။

ကမ်းရိုးတန်းဖုန်းမှာ အထိုင်ဖုန်းတလုံး လိုအပ်သည်။ SIM ကဒ်ကို အသုံးပြုရပြီး GSM ဖုန်းများမှ SIM ကဒ်နှင့် မတူကွဲပြား၍ ဖုန်းအခွံ သီးသန့် အသုံးပြုရသည်။ ရန်ကုန်မြို့တွင်းနှင့် ကမ်းရိုးတန်းဒေသတွင် အသုံးပြုလျှင် အထိုင်ဖုန်း မပါဘဲ သုံးစွဲနိုင်သော်လည်း ရန်ကုန် ဧရိယာနှင့် အလှမ်းကွာသည့် တွံတေး၊ သန်လျင်ကဲ့သို့ ဒေသများတွင် အထိုင်ဖုန်းရှိမှ သုံးရသည်မှာ အဆင်ပြေသည်။