မြန်မာဝက်သားသည်များ တရုတ်စျေးအတွင်း ၀င်ခွင့်မရခဲ့

မြန်မာဝက်သားသည်များ တရုတ်စျေးအတွင်း ၀င်ခွင့်မရခဲ့
ယနေ့နံနက်ပိုင်းက တရုတ်ကျယ်ဂေါင်စျေးတွင် ရောင်းချသော ၀က်သားများအား ၀ယ်ယူမည့် မူဆယ်ဘက်မှ ရာဂဏန်းချီသော  မြန်မာစျေးသည်များ၏ နယ်စပ်ဖြတ်ကျော််ခြင်းကို မြန်မာရဲများက ပိတ်ပင် ...

ယနေ့နံနက်ပိုင်းက တရုတ်ကျယ်ဂေါင်စျေးတွင် ရောင်းချသော ၀က်သားများအား ၀ယ်ယူမည့် မူဆယ်ဘက်မှ ရာဂဏန်းချီသော  မြန်မာစျေးသည်များ၏ နယ်စပ်ဖြတ်ကျော််ခြင်းကို မြန်မာရဲများက ပိတ်ပင်ခဲ့ကြောင်း သိရသည်။

နေ့စဉ်နံနက်တိုင်း မြန်မာစျေးသည်များက သျှမ်းပြည် (မြောက်ပိုင်း) မူဆယ် ၊ နမ့်ခမ်း ၊ (၁၀၅) မိုင် စသည့် ဒေသတွင်းရှိ စျေးများ၌ ၀က်သားများ တဆင့်ပြန်လည် ရောင်းချရန်   တရုတ်ခြမ်း ကျယ်ဂေါင်မြို့စျေးမှ  ၀ယ်ယူ ကြခြင်း ဖြစ်သည်။

ထိုသို့ဝယ်ယူသည့် ၀က်သားများကို  ဒေသတွင်းစျေးပတ်နေ့များ၌ ဆိုင်ကယ် သုံးဘီးဆိုင်ကယ် စက်ဘီးများ ဖြင့် လှည့်လှည်ရောင်းချ ကြသည်။

ယနေ့ ဗမာရဲများ၏ ပိတ်ပင်မှုကြောင့် အဆိုပါ ရာပိုင်းခန့်ရှိသော မြန်မာဝက်သားစျေးသည်များ ၀က်သားဝယ်ယူနိုင်ခြင်းမရှိတော့ကြောင်း မူဆယ်မြို့မှ ၀က်သားစျေးသည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို အခုလိုပြောသည်။

“ ဒီနေ့မနက်ပေါ့ ကျယ်ဂေါင်စျေးထဲမှာ ၀က်သားသွားဝယ်တဲ့ သူတွေ ဘယ်သူမှ စျေးထဲကို မသွားခိုင်းဘူး  တရုတ် ဘက်ဝင်တာတော့ ခိုးဝင်ရတာပေါ့ ၀င်မဲ့သူတွေကို ရဲ(ဗမာ)တွေကလိုက်ဖမ်းတယ် ခြံစည်းရိုးနားမှာလည်း ခါတိုင်း နဲ့မတူဘူး ရဲတွေစောင့်နေကြတယ်  ၀က်သမားကများတယ် အနည်းဆုံးတော့ (၆၀) လောက် ရှိတယ်  နမ့်ခမ်း စျေး (၁၀၅) မိုင်စျေး အဲဒီစျေးပတ်တွေ လိုက်ပတ်ရောင်းတာလေ ဒါတောင် သုံးဘီးသမားတွေမပါသေးဘူး တစ်ဦးကို အနည်းဆုံး (၁၀) ပိသာလောက်တော့ယူကြတာပေါ့ ” လို့ သူက ပြောသည်။

တရုတ်နယ်စပ် မူဆယ်နှင့်ကျယ်ဂေါင်မြို့တို့သည် ခြံစည်းရိုးသာခြားကာ ကျယ်ဂေါင်စျေးမှာ နယ်စပ်အဝင်အထွက် ဆင်ဖြူဂိတ် အနီးတွင် ရှိသည်။

တရုတ်ဘက်ခြမ်း ရွေလီ ကျယ်ဂေါင်မြို့များမှ ဟင်းသီးဟင်းရွက်နှင့် အသားများအား မြန်မာဘက်ခြမ်းမှ စျေးသည် များက ၀ယ်ယူတင်သွင်းကြကာ ဒေသတွင်းစျေးများတွင် ဖြန့်ဖြူးရောင်းချကြခြင်းဖြစ်သည်။

လက်ရှိ တရုတ်ဘက်ခြမ်း ၀က်သားစျေးမှာ အဆီအသား တရုတ်ချိန် တစ်ကျင်လျှင် ၉ ယွမ် ၊ အသား တစ်ကျင်လျှင် ၁၂ ယွမ်စျေးရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ၀က်သတ်ခုံမှရောင်းသည့် ၀က်သားနှင့် အပြင်တွင်လှည့်လည် ရောင်းချသည့် ၀က်သား စျေးပိုချိုကြောင်း မြို့ခံအိမ်ရှင်မတစ်ဦးက အခုလိုပြောသည်။

“ ကျမတို့က အပြင်မှာရောင်းတာပဲဝယ်စားတယ် အပြင်မှာက အဆီအသားဆို တစ်ပိသာ ၆၀၀၀ (ကျပ်) အသား သက်သက်ဆို ၈၀၀၀ (ကျပ်) ရှိတယ် ၀က်သတ်ခုံက စျေးပိုကြီးတယ် တစ်ပိသာ ၆၅၀၀ (ကျပ်) ရှိတယ် အသားကြီး

ပဲဆို ၈၀၀၀ က အနည်းဆုံးပဲ အလေးမပြည့်ဘူး အသားကောင်းလည်းမရတော့ အပြင်ကပိုကိုက်တယ်တရုတ်ဘက် သွားဝယ်ရင် ၅၀၀၀ (ကျပ်) လောက်ပဲကျတယ် ” လို့ သူကပြောသည်။

တရုတ်ချိန် ၂ ကျင်းလျှင် တစ်ကီလိုရှိပြီး  ၃ ကျင်းလျှင် မြန်မာချိန် တစ်ပိသာခန့်ရှိသည် လက်ရှိတရုတ် နှင့်မြန်မာငွေလဲ လှယ် နူန်းထားမှာ ကျပ် ၁၀၀ လျှင် ၀.၆၃ ပေါက်သဖြင့် မြန်မာဘက်ခြမ်း၌ ၀က်သား တစ်ပိသာလျှင် တရုတ်ငွေ ၃  ယွမ်နီးပါးပေါက်လျှက်ရှိသည်။