KNU နှင့် DKBA ပေါင်းစည်းရန် မလွယ်ကူသေးဟု KNU ပြောကြား

KNU နှင့် DKBA ပေါင်းစည်းရန် မလွယ်ကူသေးဟု KNU ပြောကြား
by -
နန်းဒေဝီ
ကရင်အမျိုးသား အစည်းအရုံး KNU နှင့်  ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အကြား ပေါင်းစည်းရန် မလွယ်ကူသေးကြောင်း KNU ခေါင်းဆောင်က ပြောဆို ...

နယူးဒေလီ (မဇ္စျိမ)။     ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့်  ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အကြား ပေါင်းစည်းရန် မလွယ်ကူသေးကြောင်း KNU ခေါင်းဆောင်က ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် KNU-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးနှင့် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနအကြား ယခုလ ၁၉ ရက်တွင် အပစ်ရပ်ရေးနှင့် ပေါင်းစည်းရေး ဆွေးနွေးပွဲတခု ကျင်းပခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“လောလောဆယ် KNU နဲ့ DKBA ပေါင်းစည်းဖို့ဆိုတာ မလွယ်ပါဘူး။ တဖြည်းဖြည်းတော့ စည်းရုံးသွားမှာပါ။ အခုဆို သူတို့အထဲက လူတော်တော်များများလည်း နအဖ လုပ်ရပ်တွေကို သဘောပေါက်လာပြီ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီပိုးရာစိန်က ပြောဆိုသော်လည်း၊ လျှို့ဝှက်ဆွေးနွေးပွဲ ကိစ္စကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောသည်။

အကယ်၍ နှစ်ဖက်တွေ့ဆုံဖြစ်ခဲ့ပါကလည်း KNU ၏ သဘောထား ရပ်တည်ချက်ကြောင့်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

KNU သည် DKBA အပေါ် ယခင်ကတည်းက သတ်မှတ်ခဲ့သည့် ခြွင်းချက် ၃ ချက်နှင့်အညီ စည်းရုံးသွားမည် ဖြစ်သည်။

“နအဖ ခိုင်းသလို မလုပ်ရဘူး၊ လူထုကို မဆန့်ကျင်ရဘူး၊ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ရဘူး။ DKBA ခွဲထွက်ကတည်းက အဲဒါတွေက သတ်မှတ်ထားတယ်”ဟု KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။

“DKBA က Border Guard (နယ်ခြားစောင့်တပ်) လုပ်နေတယ်။ KNU စခန်းတွေကို နအဖ ဖိအားအမိန့်နဲ့ တိုက်တာတွေ ရှိတယ်။ အထဲမှာကလည်း သဘောထားတွေက ကွဲလွဲနေပါပြီ။ နအဖ လုပ်ရပ်တွေ တဖြည်းဖြည်း သိလာကြပြီ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ DKBA တပ်သား ၁၀ ဦးခန့်သည် KNU ထံ ပြန်လည် ဝင်ရောက်လာခဲ့သည်။

DKBA သည် KNU အဖွဲ့မှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်လုပ်ငန်း အပါအဝင် အခြားစီးပွားရေး လုပ်ငန်းတချို့ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

DKBA သည် စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သည့်အပေါ် ဒီမိုကရေစီသစ် တပ်မတော် - ကချင် NDA (K) ကဲ့သို့ပင် လက်ခံပြီးဖြစ်သည်။ ကျန်ရှိသည့် အပစ်ရပ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ဝ တပ်မတော်၊ ကိုးကန့် တပ်ဖွဲ့့နှင့် အခြား အဖွဲ့များက ငြင်းဆန်နေဆဲ ဖြစ်သည်။

KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စွဲပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်သွားရန် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနက နှစ်ဖက်လုံးကို မေတ္တာရပ်ခံသည့် စာတစောင်ကို ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်းက ဖြန့်ဝေခဲ့သည်။