မဇ္စျိမ (ချင်းမိုင်) ။ ။ အခြေခံစာရင်းကိုင်ပညာ LCCI အဆင့်-၁ သင်ယူလိုသူများအတွက် ရန်ကုန်မြို့မှ စီးပွားပန်းခင်း ပညာရေး ဝန်ဆောင်မှု လုပ်ငန်းက အခမဲ့ သင်တန်းများ စတင် ဖွင့်ပေးတော့မည် ဖြစ်သည်။
သင်တန်းများကို ရန်ကုန်၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ တောင်ငူမြို့တို့တွင် ဖွင့်သွားမည် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတိုင်း အသက်အရွယ်မရွေး တက်ရောက် သင်ကြားနိုင်ကြောင်း စီးပွားပန်းခင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
ဗြိတိန်သံရုံးမှ အသုံးပြုသည့် သင်ရိုးများကို စာရင်းကိုင်ပညာ ဒီပလိုမာနှင့် မာစတာ အောင်မြင်ပြီးသော ဆရာ-ဆရာမ များက သင်ကြားမည် ဖြစ်သည်။ သင်တန်း တက်ရောက်နိုင်ရန် ပုံစံများ စတင်ဖြည့်စွက်နိုင်ပြီ ဖြစ်ပြီး လာမည့်လ ရ ရက်နေ့တွင် တပြိုင်တည်း စတင်မည်ဖြစ်ကာ ကျောင်းသား၊ကျောင်းသူ ဦးရေအား ၁၀၀၀ ဦးသာ လက်ခံရန် ကန့်သတ် ထားသည်။
“ရန်ကုန်က လက်ရှိ ဖောင်တင်ထားတဲ့ ကျောင်းသားတွေကတော့ ၃၀၀ ကျော်လောက်တော့ရှိပြီဗျ။ နယ်ကတော့ တန်းခွဲတခုကို ၁ ရာစီနဲ့ ၄ ရာပေါ့။ ရန်ကုန်ကတော့ တန်းခွဲတခုကို ၅၀ နဲ့ ၆၀၀ လက်ခံထားဖို့ သက်မှတ်ထားပါတယ်” ဟု စီးပွားပန်းခင်း ပညာရေး ဝန်ဆောင်မှု လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ တဦးက မဇ္စျိမကိုပြောသည်။
ယခုအခမဲ့ပို့ချမည့် LCCI အဆင့်-၁ သင်ခန်းစာတွင် Book Keeping နှင့် Book Keeping and Accounts ဘာသာရပ် နှစ်ခုပါမည်။ တပတ်လျင် ၂ ရက်တက်ရမည်ဖြစ်ပြီး စုစုပေါင်း ၁၆ ရက် (၃၂ နာရီ) ဖြစ်သည်။
စီးပွားပန်းခင်း ပညာရေး ဝန်ဆောင်မှု လုပ်ငန်းမှ စစ်ဆေးသည့် စာမေးပွဲကို အောင်မြင်ပါက LCCI အဆင့်-၂၊ အဆင့်-၃ တို့ကို ဆက်လက် သင်ကြားနိုင်မည် ဖြစ်သည်။ အဆင့်-၂၊ အဆင့်-၃ တို့ကို သင်ကြားပြီးနောက် ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးတွင် စာမေးပွဲ ဖြေဆိုလိုပါကလည်း ဖြစ်နိုင်ကြောင်း သိရသည်။
“Level 1 အတွက်ပါ အခမဲ့က။1 ပြီးတော့ 2 မှာလည်း အထူးတန်းနဲ့ ပညာဒါနအတန်းဆိုပြီး ရှိပါတယ်။ အထူးတန်းက သင်တန်းကြေး ၃ သောင်း။ ၃ ကျရင် တဘာသာကို ၅ သောင်း ၅ ဘာသာရှိတယ်။ ကျမ တို့ စီးပွားပန်းခင်းက စစ်တဲ့ Exam ကို အောင်ရင်တော့ စီးပွားပန်းခင်း Certificate ရမှာပေါ့။ တကယ်လို့UK ကပေးတဲ့ Certificate လိုချင်ရင်တော့ သံရုံးကို ဒေါ်လာသွင်းပြီးတော့ ဖြေပေါ့။ သံရုံးကို ငွေသွင်းတာတော့ ကျောင်းမှာပဲ ဦးစီးပြီးတော့ သွင်းပေးပါတယ်။ တက်တာကတော့ ဒီကျောင်းမှာပဲ တက်ရမှာပါ” ဟု တာဝန်ရှိသူက ဆက်ပြောသည်။
ဗြိတိသျှသံရုံးမှ ခေါ်ယူသည့် စာမေးပွဲကို ဖြေဆိုရန် ဝင်ကြေးအဖြစ် Level 2 ကျောင်းသားတဦးလျင် ၃၅ ဒေါ်လာ Level 3 ကျောင်းသားများကိုမူ ဘာသာအလိုက်ယူမှာဖြစ်ပြီး တဘာသာလျင် ၄၀ ဒေါ်လာ ကုန်ကြမည် ဖြစ်ကြောင်း သိရသည်။
ယခုသင်တန်းများ တက်ရောက်ပြီးသူများသည် ဗြိတိန်သံရုံးမှ ပြုလုပ်သည့် စာရင်းကိုင် စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ နိုင်ငံတကာ၌ ပညာဆက်လက်ဆည်းပူးနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။