နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုတရားရုံးချုပ်တွင် သူ၏ အမှု အယူခံဝင်ရေး အတွက် ရှေ့နေများနှင့် ယနေ့ နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။
နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည်ကို ဗဟိုတရားရုံးချုပ်တွင် ဆက်လက်၍ အယူခံ ဝင်ရောက်နိုင်ရန် မူကြမ်း ရေးဆွဲရေးအတွက် သူ၏ ရှေ့နေ ၄ ဦးအနက် ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဋ္ဌေးကြွယ် တို့ကို ဒေါ်အောင်ဆန်းစုကြည်က ၁ နာရီကျော်ကြာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်၌ ဆွေးနွေးခဲ့ကြသည်။
“ကျနော်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ် နှစ်ဦး တွေ့ပါတယ်။ ပထမပိုင်းမှာတော့ အမှုကိစ္စ ဆွေးနွေးပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့ရာ၊ ဗိုလ်ချုပ်မှူးကြီးက ပြစ်ဒဏ်အား ထက်ဝက်လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ် နေအိမ်တွင် အကျယ်ချုပ်ထားရှိရန် ညွှန်ကြားခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို အယူခံဝင်ရာ နှစ်ဖက်ကြားနာမှုများ ပြုလုပ်ပြီး ယခုလ ၂ ရက်နေ့တွင် ပယ်ချခဲ့သည်။ ယခုတဖန် ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံ ဝင်ရောက်ရေးအတွက် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၍ ပြင်ဆင်နေကြခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမှုကိစ္စ ပြောဆိုပြီးသည့်နောက် မကြာသေးခင်က သူမနှင့် သံတမန်များ တွေ့ဆုံခဲ့သည့် အတွေ့အကြံုများကို ဆက်လက် ပြောဆိုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးလည်း ဖြစ်သူ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
''ဒုတိယပိုင်း အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီရက်ပိုင်းအတွင်းမှာ သူတွေ့ခဲ့ရတဲ့ အတွေ့အကြံု၊ သံတမန်တွေနဲ့ တွေ့တဲ့ အတွေ့အကြံု၊ ဆက်ဆံရေးဝန်ကြီးနဲ့တွေ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ အဲဒီ အတွေ့အကြံုကို ပြောပြတယ်။ အဲဒီ တွေ့ကြံုတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်စရာ မရှိသေးပါဘူး'' ဟု သူက ပြောသည်။
ယခုလ ၁၄ ရက်နေ့တွင် EU (ဥရောပသမဂ္ဂ) ကိုယ်စားလှယ် သံတမန် ၂၀ ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံပြီးနောက် ဗဟန်းမြို့နယ် အနောက် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးသို့ သွားရောက်ကာ ပါတီခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ပိတ်ဆို့အရေးယူမှုများ လျော့ပါးရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုအပေါ် ပါတီ၏ ရှုမြင်ပုံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပေးရန် ပြောဆိုခြင်းသည် စစ်အစိုးရနှင့် အာဏာခွဲယူရေး ဟုတ်၊ မဟုတ် စသည်များကို EU သံတမန်များက ပါတီခေါင်းဆောင် များကို စုံစမ်း မေးမြန်းခဲ့သည်။
ထို့အပြင် ယခုလ ၉ ရက်နေ့တွင်လည်း ရန်ကုန်ရှိ မြန်မာပြည်ဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် အန်အယ်ဒီ ခေါင်းဆောင်များနှင့်ပါ ရုံးချုပ်တွင် တွေ့ဆုံခဲ့သေးသည်။
အလားတူ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့်ပါ ယခုလ ၃ ရက်နှင့် ရ ရက်နေ့တွင် အစိုးရ ဧည့်ဂေဟာ၌ပင် တွေ့ဆုံခဲ့သေးသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် အကျယ်ချုပ် ကျခံနေရင်း သံတမန်များ၊ စစ်အစိုးရ ကိုယ်စားလှယ်ဖြင့် တွေ့ဆုံခွင့်ရခြင်းမှာ အနောက် နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပေးပို့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။