နယူးဒေလီ (မဇ္စျိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပြီးနောက် ညီလာခံ ခေါ်ယူရေးကိစ္စ ဆုံးဖြတ်သွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်သည်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံ ခေါ်ယူပေးရန်အတွက် မန္တလေး၊ ပဲခူး၊ မကွေးနှင့် ရန်ကုန်တိုင်းရှိ ၂၅ မြို့နယ်ခန့်မှ ပါတီဝင်များက တောင်းဆိုမှုများအပြီး ပါတီပြောခွင့်ရ ဦးခင်မောင်ဆွေက ယခုလို တု့ံပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“CC (ဗဟိုကော်မတီ) တွေ အင်အားတောင့်တင်းမှ ပါတီအင်အား တောင့်တင်းမှာ ဖြစ်တယ်။ ညီလာခံကနေ ရွေးချယ်မှာ ဖြစ်တဲ့အတွက် ညီလာခံ ခေါ်ယူပေးဖို့ တောင်းဆိုတာ ဖြစ်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “CEC (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) နဲ့ CC (ဗဟိုကော်မတီ) ကို တိုးချဲ့လုပ်ကိုင်ဖို့အတွက် သဘောထား ရှိပါတယ်။ အခု လက်ရှိ အနေအထားအနေနဲ့ CEC နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မကြာခင်မှာ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ ဒေါ်စုနဲ့ ဆွေးနွေး တိုင်ပင်ပြီးတော့ အကောင်အထည်ဖော်လို့ ရမယ်ဆိုရင် အကောင်အထည် ဖော်သွားကြဖို့လည်း အစီအစဉ် ရှိပါတယ်” ဟု ပြောသည်။
ညီလာခံ ခေါ်ပေးရန် မြို့နယ်-တိုင်း-ဗဟို (သို့မဟုတ်) မြို့နယ်-ပြည်နယ်-ဗဟို စသဖြင့် ပါတီ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့် တင်ပြခြင်းမျိုး မဟုတ်သလို၊ တောင်းဆိုသည့် မြို့နယ်လည်း နည်းပါးနေသဖြင့် ပစ်ပယ်ခြင်း မရှိဘဲ၊ ပါတီဗဟိုမှ အလေးထား မှတ်သားထားကြောင်း သိရသည်။
ဦးခင်မောင်ဆွေက “ညီလာခံ ခေါ်ရလောက်တဲ့ အဆင့်ထိတော့ မရှိသေးပါဘူး။ ညီလာခံ ခေါ်တယ်ဆိုတာက ပါတီတိုင်း လုပ်လို့ရတယ်။ တောင်းဆိုပုံ၊ တောင်းဆိုနည်းက စည်မျဉ်းစည်းကမ်းနဲ့ မညီညွတ်ပါဘူး။ ဒီမိုကရေစီ ပါတီတခုရဲ့ ဖွဲ့စည်းပုံ ပုံစံတွေနဲ့လည်း မညီညွတ်ပါဘူး။ အဲဒီအတွက် ခေါ်ပေးလို့ မရသေးပါဘူး” ဟု ပြောသည်။
မြို့နယ်ပေါင်း ၄၀၀ ခန့် ရှိသည့်အနက် မြို့နယ် ၂၀၀ ခန့်က တောင်းဆိုလာပါက ပါတီအနေဖြင့် အလေးအနက် စဉ်းစား လုပ်ဆောင်ရမည်ဟု သူက ဆက်ပြောသည်။
ပါတီတွင် တဖြည်းဖြည်း အားနည်းလာရာမှ ပါတီလုပ်ငန်းများ ရပ်တန့်ခဲ့သဖြင့် ပါတီအင်အား တောင့်တင်းရန် ညီလာခံကို ခေါ်ယူရန် အန်အယ်ဒီ မြို့နယ် ခေါင်းဆောင်များက လိုလားနေခြင်း ဖြစ်သည်။
“၁၉၉၀ ဂန္ဒီခန်းမ ကြေညာချက်တုန်းက တကြိမ်၊ ဒေါ်စုလွတ်လာတုန်း ၁၉၉၇ ခုနှစ်က တကြိမ်၊ ၂၀၀၉ ခုနှစ် ရွှေဂုံတိုင် ကြေညာချက် ထွက်လာ တုန်းက တကြိမ်၊ ခေါ်ခဲ့တာ ရှိတယ်။ အခု ခေါ်ခိုင်းတာက ပါတီရဲ့ ဖွဲ့စည်းပုံအရ ဗဟိုကော်မတီကို ဖွဲ့စည်းပြီး အင်အားဖြည့်ဆီးဖို့အတွက် ဖြစ်တယ်” ဟု မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှ ပါတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက မဇ္စျိမကို ပြောသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှ ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးကလည်း “ရွှေဂုံတိုင် ကြေညာစာတမ်းကို ပံ့ပိုးတဲ့အနေနဲ့ တောင်းဆိုတာပါ။ ၁၉၉၀ ခုနှစ် ဂန္ဒီ ကြေညာစာတမ်း ထွက်ပြီးတဲ့နောက် ပါတီက တဖြည်းဖြည်း မှေးမှိန်လာတယ်။ ဂန္ဒီစာတမ်းလို မမှေးမှိန်ရေးအတွက်၊ ပါတီမှာ လိုအပ်နေတဲ့ အင်အားတွေကို ဖြည့်ပြီး ဆက်လုပ်နိုင်ရေးအတွက် ရည်ရွယ်တောင်းဆိုတာ ဖြစ်တယ်” ဟု ပြောသည်။
၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ဖြစ်သော်လည်း ထိုစဉ်က နဝတ စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေနှင့်အညီ လွှတ်တော်ခေါ်ယူမပေးသဖြင့် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရန်ကုန်ရှိ ဂန္ဒီခန်းမတွင် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီက ညီလာခံ ကျင်းပခဲ့သေးသည်။
ထိုညီလာခံမှ လာမည့် ရက် ၆၀ အတွင်း လွှတ်တော်ခေါ်ပေးရန် တောင်းဆိုခဲ့ရာ စစ်အစိုးရဘက်က လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များကို ဖမ်းဆီးနှိပ်ကွပ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။
အလားတူ ဂန္ဒီခန်းမ ကြေညာစာတမ်းကဲ့သို့ပင် ယခုနှစ် ဧပြီလနှောင်းပိုင်းတွင် တိုင်းနှင့် ပြည်နယ် ပါတီ ကိုယ်စားလှယ်များဖြင့် ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် မျက်နှာစုံညီ အစည်းအဝေးတရပ် ကျင်းပ၍ အရေးပါသည့် ရွှေဂုံတိုင်အမည်ရ ကြေညာစာတမ်း ထွက်ပေါ်လာခဲ့သည်။
စာတမ်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြန်လည် ပြင်ဆင်ရန်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အား တစုံတရာ အသိအမှတ်ပြုရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် စစ်အစိုးရကို တောင်းဆိုထားသည်။
ထိုတောင်းဆိုမှုနောက်ပိုင်း မြို့နယ်နှင့် တိုင်း စည်းရုံးရေး အဖွဲ့ဝင်များအား ခေါ်ယူမေးမြန်းခြင်းနှင့် ဖမ်းဆီးခြင်းများလည်း ရှိခဲ့သည်။