အပစ်ရပ် SSA နာယက လုပ်ကြံခံရဟု အရာရှိ အသိုင်းအဝိုင်းပြော

အပစ်ရပ် SSA နာယက လုပ်ကြံခံရဟု အရာရှိ အသိုင်းအဝိုင်းပြော
ယနေ့ မွန်းလွဲပိုင်းက သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ သုဿန်၌ ခရစ်ယာန် ထုံးတမ်းစဉ်လာဖြင့် ရုပ်အလောင်း သဂြိုလ်ပြီးစီး သွားသော ဗိုလ်ချုပ်စိုင်းနောင့် ၏ သေဆုံးမှုသည် မိမိကိုယ်ကို အဆုံးစီရင်ခြင်းမဟုတ် လုပ်ကြံသတ်ဖြတ် ...

ယနေ့ မွန်းလွဲပိုင်းက သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ သုဿန်၌ ခရစ်ယာန် ထုံးတမ်းစဉ်လာဖြင့် ရုပ်အလောင်း သဂြိုလ်ပြီးစီး သွားသော ဗိုလ်ချုပ်စိုင်းနောင့် ၏ သေဆုံးမှုသည် မိမိကိုယ်ကို အဆုံးစီရင်ခြင်းမဟုတ် လုပ်ကြံသတ်ဖြတ်မှု ဖြစ်သည်ဟု သူ့အား ယုံကြည်လေးစားသည့် အပစ်ရပ် SSA အရာရှိ တပည့်တဦးက ပြောပြပါသည်။

“မနက်အစောပိုင်း ၀၅း၃၀ နာရီ သူ့အမျိုးသမီးက အာရုဏ်တက်ဝတ်ပြုပွဲအတွက် ဘုရားကျောင်းကို နေ့တိုင်းသွားတယ်။ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတာ မနက် ၀၆း၁၅ လောက် မှာမှ အိမ်ဖေါ်လာတွေ့တာ။  အခြေအနေအားလုံး လေ့လာ ကြည့်ရင် မိမိကိုယ်မိမိ အဆုံးစီရင်တာ မဖြစ်နိုင်ဘူး၊ လုပ်ကြံမှုလို့ဘဲ ကျနော်မြင်တယ်”- ဟု ဗိုလ်ချုပ်စိုင်းနောင့်၏ တပည့် ဟောင်း တဦးဖြစ်သူ အမည်မဖေါ်လိုသည့် အရာရှိတဦးကပြောပါသည်။

အပစ်ရပ် SSA နာယက ဗိုလ်ချုပ်စိုင်းနောင့် သေဆုံးသွားရခြင်းနှင့်ပတ်သက်၍ လေ့လာကြည့်လျှင် အကြောင်းရင်း ၃ ရပ်တွေ့ကြောင်း -
(၁)    ၎င်း၏ဇနီး ၀တ်ပြုဆုတောင်းပွဲသွားချိန်အား ရွေးချယ်ခြင်း၊
(၂)    မိမိကိုယ်မိမိ အဆုံးစီရင်လျှင် ခေါင်းတဘက် လက်တဘက်ကိုးယို့ကားယားအနေအထားရှိရ မည်ဖြစ်သော်လည်း ယခုသေဆုံးသည့်ပုံမှာ သေသပ်နေပြီး သေနတ်ကမူ လက်ဘေးနား၌ချထားခြင်း၊
(၃)    တိုင်းရင်းသားတန်းတူအခွင့်အရေးမရမချင်း လက်နက်ချအညံ့ခံခြင်းမလုပ်ရန် အမြဲတစေတိုက်တွန်း လေ့ရှိသူဖြစ်ခြင်း -တို့ဖြစ်သည်ဟု ဆို၏။

“ဗိုလ်ချုပ် စိုင်းနောင့်က တိုင်းရင်းသားတန်းတူအခွင့်အရေးရဖို့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ရှိပြီးသား။ တိုင်းရင်းသား အခွင့်အရေးမရမချင်း လက်နက်မစွန့်ဖို့ အမြဲပြောတယ်။ တခြားခေါင်းဆောင်တွေလို နအဖ အရာရှိတွေနဲ့လဲ ရောရော နှောနှောမနေဘူး။ စစ်အစိုးရရဲ့ အသွင်ပြောင်းရေးအစီအစဉ်လဲ လက်မခံဘူး။ အဲကိစ္စနဲ့ လုံးဝ ပတ်သက်နိုင်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

“သူသေဆုံးသွားတာကြောင့် အဖွဲ့အစည်းအတွက်မထိခိုက်ပါဘူး။ ၂၀၀၃ ကတည်းက တိုက်ရိုက်ညွှန်ကြားမှုတွေမလုပ် တော့ဘူး။  အစည်းအဝေးရှိတဲ့အချိန်တွေမှာ တိုင်ပင်ဆွေးနွေးမှုတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဘာဖြစ်ဖြစ် သူက အမျိုး သားရေး ရှေ့တန်းတင်ပြီး ဦးဆောင်ဦးရွက်ပြုလာတဲ့သူဆိုတော့ နှမြောတာပေါ့ဗျာ”- ဟု လုပ်ဖေါ်ကိုင်ဖက် တဦးကလည်း ပြော၏။

ဗိုလ်ချုပ်စိုင်းနောင့်အား ၁၉၄၅ မတ်လ ၂၂ ရက် က သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ၀မ့်ဖှါ့တမ်းရွာနေ အမိ နန်းမိုင် ဟိန်း၊ အဖ တူဝါ ဇောဝ်တိန်း တို့ မွေးဖွားခဲ့ပြီး ငယ်နာမည် စိုင်းဖေသိန်း ဖြစ်ပါသည်။ ငယ်စဉ်က မေမြို့St. Albert School ကျောင်း၌ပညာသင်ယူပြီး အထက်တန်း စာမေးပွဲမအောင်ခင် ၁၉၆၁ ခုနှစ် ၌တောခိုခဲ့သည်။အောက်ခြေ အဆင့် ဆင့်မှ ရာထူးတက်လာကာ ကွယ်လွန်ချိန်တွင် အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA ဒုတိယနာယက (ပထမ နာယကမှာ စစ်အစိုးရထောင်၌ ၁၀၆ နှစ် ထောင်ကျခံနေရသော ဗိုလ်ချုပ်ဆေထင်ဖြစ်သည်)  အဖြစ် တာဝန်ထမ်းဆောင် ဆဲဖြစ်သည်။ ဇနီးဒေါ်နန်းမေရီ နှင့် သားသမီး ၃ ယောက် ကျန်ရှိကြောင်းလည်း သိရပါသည်။

Most read this week