မဇ္ဈိမ(ချင်းမိုင်)။ ။ လေဆိပ်တွင် အဖမ်းခံရသော အမေရိကန် နိုင်ငံသား မြန်မာလူမျိုး ကိုညီညီအောင်၏ အမှုအပေါ် တရားစီရင်ခြင်းကို မနက်ဖြန် နံနက်တွင် စတင်မှာ ဖြစ်သည်။
လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုမှုတို့ဖြင့် ရဲက စွဲချက်တင်ထားသည့် ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်၏ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရပြီး ဖြစ်သည်။
“မနက်ဖြန် ရုံးချိန်းပေါ့နော်။ ရုံးထုံးစံ မနက် ၁၀ နာရီမှာ။ ဘယ်တရားရုံး ဆိုတာတော့ မသိသေးဘူး။ စစစ်မဲ့ရက်ပေါ့။ ရမန် နှစ်ပတ် ရှိသွားပြီ။ ရမန် နှစ်ပတ်ပြီးရင် ရုံးတင်ရမယ်။ ရုံးမတင်ဘူးဆိုရင် လွှတ်ပေး ရမယ်။ သူ့ကို ၄၂၀ လိမ်လည်မှု၊ ၄၆၈ စာရွက်စာတမ်းအတု ပြုလုပ်မှုတွေနဲ့ ရမန် ယူထားတာပါ” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ရှေ့နေ ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က ကိုညီညီအောင်အား ယမန်နေ့က အင်းစိန်ထောင်ဗူးဝတွင် ၂ နာရီကြာ သီးသန့် တွေ့ဆုံ ခွင့်ရခဲ့သည်။
ဘန်ကောက်ရှိ မြန်မာသံရုံုးက ဗီဇာထုတ်ပေး၍ သွားရောက်လည်ပတ်ခဲ့သူကို ရန်ကုန် လေဆိပ်အဝင်တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည်။
သူသည် ၁၉၈၈ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး တောခိုခဲ့သူ ဖြစ်ကာ ယခင်လ ၂၄ ရက်နေ့ထုတ် စစ်အစိုးရ အာဘော်သတင်းစာများ၌ အကြမ်းဖက် ဆူပူမှုများ ဖြစ်စေရန် စီစဉ်ခဲ့သူဖြစ်သည်ဟု ဖော်ပြခံခဲ့ရသည်။
သို့သော် ယခုအခါ အမေရိကန် နိုင်ငံသားဖြစ်နေသူ ကိုကျော်ဇောလွင်က စွပ်စွဲချက်အားလုံးကို ယတိပြတ် ငြင်းဆိုကြောင်း ရှေ့နေများ အပြောအရ သိရသည်။
စစ်ကြောရေး စခန်းတွင် နှိပ်စက်ခံရကာ ထမင်း ရ ရက်မစားဘဲ နေခဲ့ရသည်ဟု ကာယကံရှင်က ထုတ်ဖော် ပြောဆိုထားသော်လည်း ကျန်းမာရေး ကောင်းမွန်လျက် ရှိနေကြောင်း သိရသည်။
ဆွေမျိုးများနှင့်မူ ဖမ်းဆီးခံရစဉ်မှစ၍ တကြိမ်မျှ တွေ့ခွင့် မရသေးပဲ ပစ္စည်းများသာ ပေးခွင့်ရကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားတွေ့သည့် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။